ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရေးပါလာက မန်ချက်စတာ ယူနိုက်တက်ဟာ ကာရာဘောင်းဖလား ရသွားပေမယ့် ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မရနိုင်ဘူးလို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာလည်း နယူးကာဆယ်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ကာရာဘောင်း ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က ကာရာဘောင်းပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံ အဖြစ် ဗိုလ်စွဲနိုင်ဖို့ ရေပန်းစားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၃)နေရာ ရထားတာကြောင့် ချန်ပီယံဆုကို ချိန်ရွယ်ခွင့် ရှိနေပါသေးတယ်။

အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရေးပါလာကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ အလျင်အမြန် တိုးတက်လာသလို လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိလာမှာ ဖြစ်ပေမယ့် ဒီရာသီမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မရနိုင်ကြောင်း ဆိုလာပါတယ်။

Photo Credit: Team Talk

ရေးပါလာက – “ကျွန်တော်က တန်ဟက်ဂ် တယောက် မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်လာချိန်ကတည်းက အခုချိန် အထိ သူ့အပေါ် သံသယ မဝင်ဖူးပါဘူး။ တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်မှာ ပြဿနာ တချို့ကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီထဲက အကြီးဆုံးကတော့ ရိုနယ်ဒိုပြဿနာပေါ့။ ဒါပေမယ့် တန်ဟက်ဂ်က ရိုနယ်ဒိုပြဿနာကို လှလှပပ ကိုင်တွယ်နိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူတို့အသင်းက ယုံကြည်မှု အပြည့်နဲ့ ကစားပြနေပါပြီ။ မန်ချက်စတာ ယူနိုက်တက်က ထိပ်သီးအသင်း တသင်း ပြန်ဖြစ်လာပြီလို့ ထင်ပါတယ်။ သူတို့က လာမယ့် နွေဈေးကွက်မှာလည်း အသင်းကို အားဖြည့်မှုတွေ လုပ်ဆောင်ဦးမှာပါ။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်စွမ်း ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက်က အဆင့်၃နေရာနဲ့ပဲ အဆုံးသတ်ပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။