မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ ဘယ်တုန်းကမှ ဘောလုံးသမားကောင်းတစ်ဦိး မဟုတ်ခဲ့ဘူးလို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ပေါလ် ပါ့ကားက မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ၂၀၁၅ခုနှစ်ကနေ စတင်ပြီး ယူနိုက်တက် စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ရင်း အခုဆိုရင် အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လို့နေပါပြီ။

Photo Credit : Football365

ဒါပေမယ့် အသက် (၂၆)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ဒီရာသီထဲ အတော်လေးကို ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁၄)ပွဲမှာတောင် သွင်းဂိုးက (၁)ဂိုးတည်းသာ သွင်းယူထားနိုင်တာကြောင့် အသင်းပရိသတ်တွေကပါ ရပ်ရှ်ဖို့ဒ်ကို ပွဲထွက်လူစာရင်းကနေပါ ချန်လှပ်စေချင်နေပါတယ်။

ဒီလို အခြေအနေမျိုး တွေ့ကြုံနေရတဲ့ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး ပေါလ် ပါ့ကားက “မားကပ်စ်ဟာ အသင်းအတွက် ဘာမှ သယ်ဆောင်လာနိုင်မယ့်သူ မဟုတ်ပါဘူး။ မနှစ်က နိုဝင်ဘာကနေ ဧပြီလအတွင်း သူ ဂိုးတွေ သွင်းယူနေစဉ်ကတည်းက ကျွန်တော် ဒီလို ပြောကြားခဲ့တာပါ။”

Photo Credit : Inside Sport

“သူက ဘယ်တုန်းကမှ ဘောလုံးသမားကောင်း တစ်ဦး မဟုတ်ခဲ့ပါဘူး။ သူက ဒီတိုင်း ဂိုးသွင်းယူနေတဲ့လူပါ။ လူတွေကတော့ ကျွန်တော် ဒီလိုပြောလို့ ကျွန်တော့်ကို သစ္စာဖောက်လို့ ခေါ်နေကြတယ်။ ခါးသီးအရာတွေ ပြောနေတဲ့သူလို့ ဆိုကြပေမယ့် ဒါက ခါးသီးခြင်း အကြောင်းအရာ မဟုတ်ပါဘူး။”

“အဲ့ဒီအချိန်တုန်းက သူ ဂိုးတွေ သွင်းယူနေတုန်း ကလပ်အသင်းအနေနဲ့ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်သင့်တယ်ဆိုပြီး အသင်းပရိသတ်တွေက အရူးအမူး တောင်းဆိုခဲ့ပါသေးတယ်။ ယူနိုက်တက်ကလည်း ငွေကြေးများစွာ သုံးစွဲခဲ့တယ်။ အခုတော့ သူတို့က ဒီကစားသမားအတွက် ဒီလို ရင်းနှီးမြှပ်နှံခဲ့ရာကနေ ဘာမှ ပြန်မရပဲ ဖြစ်သွားရတယ်။” လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။