ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ကိုးလ် ပါးလ်မာက ဘာစီလိုနာရဲ့ အံ့အားသင့်ဖွယ် လူငယ်ကြယ်ပွင့်လေး လာမင်း ယာမယ်လ်ဟာ အရူးအမူး တော်တဲ့ ပါရမီရှင် ဘောလုံးသမားတစ်ဦးဖြစ်ကြောင်း ဝန်ခံလိုက်ပြီး သူ့ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးပြောဆိုလိုက်ပါတယ်။
အသက်(၁၅)နှစ်အရွယ်နဲ့တင် ဘာစီလိုနာအသင်းကြီးမှာ စတင် ပါဝင်နိုင်ခဲ့တဲ့ ယာမယ်လ်ဟာ အခု အသက်(၁၇)နှစ်အရွယ်မှာ ကမ္ဘာအနှံ့က ဘောလုံးပရိသတ်တွေကို ဆွဲဆောင်မှုတွေ ပေးနေသလို သမိုင်းမှတ်တမ်းသစ်တွေကိုလည်း ရေးထိုးနေသူပါ။ မကြာသေးမီကမှ ဘာစီလိုနာအသင်းဟာ ကက်တလန်ဒါဘီပြိုင်ဘက် အက်စပန်ညိုကို ၂-၀ နဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီ လာလီဂါချန်ပီယံဆုကို ဆွတ်ခူးရာမှာလည်း ယာမယ်လ်က လှပတဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။
Photo Credit : CNN
ထူးချွန်ထက်မြက်တဲ့ ဒီဆယ်ကျော်သက်လေးဟာ စပိန်အသင်းနဲ့အတူ ယူရိုဖလားကို ဆွတ်ခူးထားပြီးဖြစ်သလို အကောင်းဆုံး လူငယ်ကစားသမားဆုတွေဖြစ်တဲ့ Kopa Trophy နဲ့ Golden Boy ဆုတွေကိုလည်း ပိုင်ဆိုင်ထားခဲ့ပါသေးတယ်။ သူ ဘလွန်းဒီအောဆုကို ဆွတ်ခူးဖို့ကလည်း မကြာခင် အချိန်အတွင်း ဖြစ်လာတော့မယ့် ကိစ္စပဲလို့ သုံးသပ်နေကြပါတယ်။
အင်္ဂလန်လက်ရွေးစင် ကိုးလ် ပါမာရဲ့ အမြင်အရတော့ ယာမယ်လ်ဟာ အခုအချိန်မှာတောင် အကောင်းဆုံးတွေထဲမှာ ထိပ်ဆုံးရောက်နေပြီလို့ ဆိုပါတယ်။ “ဒါက တကယ်ကို မိုက်တာပဲ၊ ဟုတ်တယ်နော်? ရိုးရိုးသားသားပြောရရင်တော့ ကျွန်တော်ထင်တယ် သူက ကမ္ဘာ့အကောင်းဆုံးကစားသမားပဲဆိုတာ။ ဘာစီလိုနာတို့ လုပ်သမျှတိုင်းက သူ့ကိုဖြတ်သွားတယ်လို့ ကျွန်တော်ခံစားရတယ်။ ပြီးတော့ သူ့ကိုကြည့်လိုက်တဲ့အခါ ရူးသွပ်စရာကောင်းလောက်အောင် တော်တယ်။ သူကစားတဲ့ပုံစံကိုကြည့်တာနဲ့ ယုံကြည်မှုရှိပြီး ကြောက်ရွံ့မှုမရှိဘူးဆိုတာ သိသာတယ်။ သူ့ကိုကြည့်ရတာ အရမ်းသဘောကျတယ်။” ဟု ပါးလ်မာက ပြောကြားခဲ့ပါတယ်။
Photo Credit : Goal
PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုရှင်ဖြစ်တဲ့ ပါးလ်မာ ကိုယ်တိုင်ကလည်း တီထွင်ဖန်တီးနိုင်စွမ်း အပြည့်ရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အသက်(၁၇)နှစ်အရွယ်နဲ့ ဒီလို ယုံကြည်မှုရှိရှိနဲ့ ပုံစံကောင်းပြ ကစားဖို့ ဘယ်လောက်ခက်လဲလို့ မေးမြန်းခံရတဲ့အခါ ပါးလ်မာက “ကျွန်တော်မသိဘူး။ ကျွန်တော်တစ်ခါမှ မကြိုးစားဖူးဘူး။” လို့ ရယ်ရယ်မောမော ပြန်ဖြေခဲ့ပါတယ်။
ယာမယ်လ်ဟာ ၂၀၂၅ ခုနှစ်မှာ ဘာစီလိုနာအသင်းနဲ့အတူ ပြည်တွင်းဖလားသုံးခု (လာလီဂါ၊ ကိုပါဒယ်ရေး၊ စူပါဖလား) တို့ကို ဆွတ်ခူးနိုင်ဖို့ ကူညီပေးခဲ့ပြီး ဖြစ်ပါတယ်။ လာမယ့် ဇွန်လမှာ ကျင်းပမယ့် UEFA နေးရှင်းစ်လိဂ် ဖိုင်နယ်ပွဲများအတွက် စပိန်အသင်းလူစာရင်းမှာလည်း ပါဝင်လာဖွယ်ရှိတာကြောင့် နိုင်ငံတကာအဆင့် အောင်မြင်မှုတွေ ဆက်လက်ရှာဖွေဖို့ အာရုံစိုက်နေမှာ ဖြစ်ပါတယ်။