ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ ကိုးလ် ပါလ်မာက ပြီးခဲ့တဲ့ စနေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၁-၀ ချယ်လ်ဆီး ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အခုချိန်အထိ လေ့ကျင့်ခန်း ပြန်မဆင်းနိုင်သေးပဲ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲကို လွဲချော်ဖွယ် ရှိနေကြောင်း သိရှိရပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် ကိုးလ် ပါလ်မာက မန်ချက်စတာ စီးတီးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီ အစမှာ မန်ချက်စတာ စီးတီး ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၄၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit: Football Lodon

ကိုးလ် ပါလ်မာက မန်ချက်စတာ စီးတီးမှာ အရန်ကစားသမား အဖြစ်သာ ကစားခွင့် ရခဲ့ပေမယ့် ချယ်လ်ဆီးဆီ ရောက်ရှိပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ရနေသလို သူ့ရဲ့ ခြေစွမ်းကောင်းတွေကိုပါ ထုတ်ပြနိုင်ခဲ့ပြီး သူက ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၃ကြိမ်လည်း ရရှိထားပါတယ်။

ပါလ်မာက တရာသီလုံး ချယ်လ်ဆီးအတွက် ဒဏ်ရာပြဿနာကင်းကင်းနဲ့ တောက်လျှောက် ကစားပေးခဲ့ပေမယ့် မန်ချက်စတာ စီးတီး ၁-၀ ချယ်လ်ဆီး ပွဲစဉ်မှာတော့ သူ့ရဲ့ ချယ်လ်ဆီးကစားသမားဘဝ ပထမဦးဆုံး ဒဏ်ရာကို ရရှိခဲ့ပြီး အဆိုပါဒဏ်ရာကြောင့် ပါလ်မာဟာ အခုချိန်အထိ လေ့ကျင့်ခန်း ပြန်မဆင်းနိုင်သေးပါဘူး။

Photo Credit: Standard

ဒါကြောင့်ပဲ ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုက ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်မှာ ပါလ်မာဟာ ပါဝင်နိုင်ဖို့ မလွယ်ကြောင်း ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။ ပိုချက်တီနိုက – “ကျွန်တော်တို့က မနက်ဖြန်မှာ ပါလ်မာဟာ ဝင်ကစားနိုင်မလား ၊ မကစားနိုင်ဘူးလား ဆိုတာကို အတိအကျ သိရပါမယ်။ မနက်ဖြန်မှာ သူ့ရဲ့ဒဏ်ရာကို စစ်ဆေးမှုတွေ ထပ်လုပ်သွားဖို့ ရှိပါတယ်။ ဒီနေ့ သိထားရတဲ့ အချက်အလက်တွေအရ ပြောရမယ် ဆိုရင် ကျွန်တော်ကတော့ သူက ဝင်ကစားနိုင်မယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့က စစ်ဆေးမှုတွေ ထပ်လုပ်ရပါဦးမယ်။ တကယ်လို့ သူက မနက်ဖြန်မှာ ဒဏ်ရာကနေ ပြန်သက်သာလာမယ် ဆိုရင်တောင် ပွဲကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုမျိုး ရနေမယ် မထင်ပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ သူ့ကို အမြန်ဆုံး ဒဏ်ရာကနေ ပြန်သက်သာလာဖို့ပဲ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲကို ယနေ့ည ၁နာရီခွဲ အချိန်မှာ အာဆင်နယ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်မှာ ကျင်းပဖို့ စီစဉ်ထားပြီး လက်ရှိခြေစွမ်းပိုင်းအရ ဧည့်သည် ချယ်လ်ဆီးက အဝေးကွင်းမှာ အာဆင်နယ်ကို မရှုံးနိမ့်အောင် အဓိကထား ကစားရဖွယ် ရှိနေပါတယ်။