အီတလီ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းရဲ့ နည်းပြဖြစ်သူ ပယ်လ်လက်တီနိုက ဒီနွေကမှ ခေါ်ယူထားတဲ့ စပိန် ဂိုးသမား ဒေးဗစ် ဒီဂီယာကို စီးရီးအေ (၂)ပွဲဆက်တိုက်အထိ အရန်ကစားသမားအဖြစ် အသုံးပြုနေရတဲ့ အကြောင်းအရင်းကို ရှင်းလင်း ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ စပိန်လက်ရွေးစင်ဟောင်း ဒီဂီယာဟာ သူရဲ့ ကစားသမားဘဝကို မန်ချက်စတာ ယူနိုက်တက် တစ်သင်းတည်းမှာပဲ ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ဖြတ်သန်းခဲ့ရင်းနဲ့ ၂၀၂၃ နွေမှာပဲ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : SPORTbible

ဒီဂီယာဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတစ်ခုလုံး ကလပ်အသင်းများစွာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒီဂီယာက ဘယ်အသင်းဆီမှ မပြောင်းခဲ့ပဲ အခုနွေမှပဲ ဖီအိုရင်တီးနားနဲ့ လက်တွဲခဲ့ပြီး ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂီယာဟာ ဖီအိုရင်တီးနားနဲ့ စီးရီးအေ (၂)ပွဲဆက်တိုက်အထိ ပွဲထွက်ခွင့် မရခဲ့ပဲ အရန်စာရင်းမှာသာ ပါဝင်ခဲ့ရပါတယ်။

ဒီဂီယာက ဖီအိုရင်တီးနားအတွက် ကွန်းဖရန့်စ်လိဂ် ခြေစစ်ပွဲမှာ ပထမဦးဆုံး ပွဲဦးထွက် ကစားလာခဲ့ရပြီး အဲ့ဒီပွဲမှာတော့ ဒီဂီယာက သွင်းဂိုး (၃)ဂိုးအထိ ခွင့်ပြုခဲ့ရရင်း တာထွက်မကောင်းခဲ့ပေမယ့် ဒုကျော့ပွဲစဉ်မှာ လက်စွမ်းပြသနိုင်ခဲ့သလို ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ကာကွယ်မှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit : LaViola

ဒီလို လက်စွမ်းပြနိုင်ပေမယ့် ဖီအိုရင်တီးနား နည်းပြ ပယ်လ်လက်တီနိုကတော့ စီးရီးအေမှာ ဒီဂီယာကို ပွဲထွက်ခွင့် မပေးသေးပဲ တယ်ရာချာနိုကိုပဲ ဆက်တိုက် အသုံးပြုလို့နေပါတယ်။ အီတလီ ဂိုးသမားကြီး တယ်ရာချာနိုကတော့ ၂၀၁၉ခုနှစ်ကတည်း ဖီအိုရင်တီးနားဆီ ရောက်ရှိနေတဲ့ အီတလီ ဂိုးသမားတစ်ဦး ဖြစ်ပါတယ်။

ဒီဂီယာကို စီးရီးအေမှာ အသုံးမပြုသေးတာနဲ့ ပတ်သက်ပြီး ပယ်လ်လက်တီနိုက “လောလောဆယ်မှာတော့ ဘယ်သူက ပွဲထွက်ခွင့်အတွက် ရွေးချယ်ထားတယ် ဆိုတာမျိုး မရှိပါဘူး။ ဒါကို ဒီဂီယာရော တယ်ရာချာနိုပါ နားလည်အောင် မြင်စေချင်ပါတယ်။ ကျွန်တော်ကတော့ ဒီဂိုးသမား (၂)ဦးလုံး အသင်းမှာ ရှိနေတာကို ပျော်ပါတယ်။ ဒေးဗစ်(ဒီဂီယာ)က ပွဲမကစားရတာ တစ်နှစ်လောက် ရှိပါပြီ။ ဒါကြောင့် ကျွန်တော် တယ်ရာချာနိုကိုပဲ ပိုပြီး သုံးဖြစ်တယ်။ လာမယ့်ရက်တွေမှာပဲ တချို့အရာတွေကို အကဲဖြတ်သွားပါမယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။