ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ် ပဲလေ့စ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အရန် ဂိုးသမား ဖြစ်သူ ဒင်း ဟန်ဒါဆန်ကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် ဂိုးသမား ဒင်း ဟန်ဒါဆန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ဂိုးသမား တဦး ဖြစ်ပြီး သူက ရှက်ဖီးလ် ယူနိုက်တက် ၊ နော်တင်ဟမ် ဖောရက်စ် စတဲ့ အသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားဖူးပါတယ်။

Photo Credit: Football 365

ဒင်း ဟန်ဒါဆန်က အရည်အသွေးမြင့် ဂိုးသမား တဦး ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ သူ့ရဲ့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေတာကြောင့် ဟန်ဒါဆန်က ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

တဖက်မှာလည်း ခရစ္စတယ် ပဲလေ့စ်က အသင်းရဲ့ ဂိုးသမားတွေ ဖြစ်တဲ့ ဂွေတာ ၊ ဆမ် ဂျွန်စတုန်း စတဲ့ ဂိုးသမားတွေရဲ့ လက်စွမ်းတွေကို သဘောမကျတာကြောင့် ဒင်း ဟန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ခရစ္စတယ် ပဲလေ့စ်က ဟန်ဒါဆန်ကို ခေါ်ယူဖို့ ကြိုးစားနေတာ ရက်အနည်းငယ် ကြာနေပါပြီ။

Photo Credit: 90 Min

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ BBCရဲ့ ဖော်ပြချက်အရ ခရစ္စတယ် ပဲလေ့စ်က ဟန်ဒါဆန်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီး ပဲလေ့စ်က ဟန်ဒါဆန်ကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဟန်ဒါဆန်ဟာ ပဲလေ့စ်ဆီ ပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေကို ထပ်ဆင့် အတည်ပြုပေးထားပြီး ပဲလေ့စ်က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဟန်ဒါဆန်ရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားကြောင်း ဆိုပါတယ်။