အာဆင်နယ် တိုက်စစ်ကစားသမား ကိုင်း ဟာဗက်ဇ်က စပါးနဲ့ မန်စီးတီးတို့ ပွဲစဉ်မှာ သူတို့ရဲ့ ခါးသီးမြို့ခံကလပ် စပါးအသင်းကို အားပေးသွားမယ်လို့ ပြောဆိုလာခဲ့ပြီးနောက် အခုလည်း ကစားသမားဟောင်း အိုဇေးကပါ စပါးကို ပထမဆုံးအကြိမ်အဖြစ် အားပေးသွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့က ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လုံးဝကို အပြိုင်အဆိုင် ဖြစ်လို့နေပြီး တစ်ပွဲလျော့ထားတဲ့ မန်စီးတီးက ဒီညမှာ စပါးအသင်းနဲ့ ကစားရဖို့ ရှိနေပြီး ဒီပွဲအဖြေက ချန်ပီယံဆုအတွက်ပါ အဖြေထွက်ပေါ်လာနိုင်ပါတယ်။

Photo Credit : talkSPORT

အာဆင်နယ်က လက်ရှိမှာ မန်စီးတီးထက် တစ်ပွဲပို တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားတွင် ဦးဆောင်လျက် ရှိနေပြီး နောက်ဆုံးပွဲမှာ အဲဗာတန်နဲ့ ကစားရမှာဖြစ်ပြီး မန်စီးတီးကတော့ ဒီည စပါးနဲ့ ကစားပြီးတာနဲ့ ရာသီပိတ် နောက်ဆုံးပွဲမှာတော့ နောက်ထပ် လန်ဒန်ကလပ် ဝက်စ်ဟမ်းနဲ့ ဆက်လက် ရင်ဆိုင်ရပါမယ်။

တကယ်လို့ ဒီညမှာ စပါးက မန်စီးတီးကို အနိုင် ဒါမှမဟုတ် သရေရအောင် ကစားနိုင်မယ်ဆိုရင် ပွဲရလဒ်အရ အာဆင်နယ်ကသာ မန်စီးတီးထက် အသာရနေဦးမှာ ဖြစ်တာကြောင့် အာဆင်နယ် ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေကပါ သူတို့ရဲ့ အခါးသီးဆုံး မြို့ခံပြိုင်ဘက် စပါးကို အားပေးသွားဖို့ အသင့်ဖြစ်နေကြပါတယ်။

Photo Credit : Marca

အခုလည်း အာဆင်နယ် ကစားသမားဟောင်းဖြစ်သူ အိုဇေးကပါ ဒီည စပါးအသင်းဘက်ကနေ အားပေးသွားမယ့်အကြောင်း ကတိစကားတစ်ခုနဲ့ပါ ပြောဆိုလာခဲ့ပါတယ်။ “ဒီညမှာတော့ လုပ်ထား စပါးတို့ရေဆိုပြီး ပထမဆုံးအကြိမ်နဲ့ အားပေး ကြွေးကြော်သွားရပါတော့မယ်။”

“တကယ်လို့များ တော့တင်ဟမ်အနေနဲ့ အခုပွဲကို မရှုံးအောင် ကစားနိုင်ခဲ့မယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့အသင်းနဲ့ ပတ်သက်ပြီး စနောက်တာတွေ ထပ်မလုပ်တော့ဘူးလို့ပါ ကတိပေးပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။