ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မိုက်ကယ် အိုဝင်ကတော့ ယခုနှစ် အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို အပြိုင် လုနေကြတဲ့ အာဆင်နယ် ၊ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ အနက် ဘယ်အသင်းက ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်း များပြားနေလဲ ဆိုတာကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချက်ကျလက်ကျ ရှင်းပြသွားခဲ့ပါတယ်။

ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ လီဗာပူး ၊ ချယ်လ်ဆီးနဲ့ စပါးတို့လို နှစ်စဉ်နှစ်တိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းတွေက ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် အာဆင်နယ် ၊ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆုကို အပြိုင် ယှဉ်လုနေရပါတယ်။

Photo Credit: Standard

ပရီးမီးယားလိဂ် ပွဲစဉ်(၂၄) အပြီးမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဆယ်စုနှစ် ၂စုနီးပါး ကြာအောင် ဝေးကွာနေခဲ့တဲ့ အာဆင်နယ်က အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်ပြီး အာဆင်နယ်က ၂၃ပွဲ ကစားထားချိန်မှာ ရမှတ် ၅၄မှတ် စုဆောင်းထားနိုင်သလို ဂိုးကွာခြားချက် ၂၈ဂိုး အထိ ရှိနေပါတယ်။

အာဆင်နယ်ရဲ့ အောက်မှာတော့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ မန်ချက်စတာ စီးတီး ရှိနေပြီး မန်ချက်စတာ စီးတီးက ၂၄ပွဲ ကစားထားချိန်မှာ ရမှတ် ၅၂မှတ်နဲ့ ဂိုးကွာခြားချက် ၃၆ဂိုး ရထားကာ မန်ချက်စတာ စီးတီးရဲ့နောက် တတိယနေရာမှာတော့ မန်ချက်စတာ ယူနိုက်တက်က ၂၄ပွဲ ကစားထားချိန်မှာ ရမှတ် ၄၉မှတ် ၊ ဂိုးကွာခြားချက် ၁၃ဂိုးနဲ့ ရပ်တည်နေပါတယ်။

Photo Credit: Standard

ဒါကြောင့် အာဆင်နယ် ၊ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားထဲမှာ ရမှတ်ကွာဟချက် ကျဉ်းမြောင်းနေပြီး ၃သင်းစလုံးက ချန်ပီယံ ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေ ကိုယ်စီကိုယ်စီ ပိုင်ဆိုင်ထားကြပေမယ့် မိုက်ကယ် အိုဝင်ကတော့ ဇယားထိပ်မှာ ရှိနေတဲ့ အာဆင်နယ်ကသာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

အိုဝင်က – “ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလုပွဲက အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ရမှတ် ၅၂မှတ် ဆိုတာ အတော်လေး ကောင်းတဲ့ ရမှတ်စုဆောင်းမှု ဖြစ်ပေမယ့် မန်စီးတီးက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိမနေသလို ဆုဖလားအတွက် ရေပန်းစားနေတဲ့ အနေအထားမျိုးမှာလည်း မရှိပါဘူး။ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ရလဒ်ဆိုးတွေနဲ့ ကြုံခဲ့ပေမယ့် ဒီတပတ်မှာ ရမှတ် ၃မှတ်ကို စုဆောင်းပြီး သူတို့ရဲ့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ထားနိုင်ပါတယ်။ အခု သူတို့က မန်စီးတီးကို ရမှတ်တွေ အတော်လေး ဖြတ်ထားလိုက်ပါပြီ။ ဒါကြောင့် အာဆင်နယ်ဆီ ကနေ အဆင့်(၁)နေရာကို လုဖို့က ပိုခက်လာတော့မှာပါ။ ဒါပေမယ့် မန်ချက်စတာ စီးတီးက ရမှတ် ကွာဟချက် ၂မှတ်ပဲ ရှိတဲ့ အနေအထားမျိုးကို အလွယ်တကူ ပြောင်းပြန် လှန်ပစ်လိုက်နိုင်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုဆီ ချီတက်တဲ့ ခရီးစဉ်မှာ အချိုးအကွေ့တွေ ၊ အတက်အကျတွေ အများကြီး ကျန်နေပါသေးတယ်။ ပြီးတော့ ဘယ်သူမှ မန်ချက်စတာ ယူနိုက်တက်ကို ချန်ပီယံလောင်း စာရင်းထဲ မထည့်တာဟာ အတော်လေး အံ့ဩဖို့ ကောင်းပါတယ်။ မန်ချက်စတာ စီးတီးကို ချန်ပီယံလောင်း စာရင်းထဲ ထည့်ရင် သူတို့နဲ့ ၃မှတ်ပဲ ကွာနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကိုလည်း ဒီစာရင်းထဲ ထည့်ရပါမယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း ချန်ပီယံဖြစ်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် အာဆင်နယ်ကပဲ ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း အများဆုံး ဖြစ်နေတယ်လို့ပဲ မြင်ပါတယ်” ဆိုပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်အသင်း ရသွားမလဲ ဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားသွားခဲ့တာပါ။