ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ မိုက်ကယ် အိုဝင်က ပြီးခဲ့တဲ့ စနေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၀ အာဆင်နယ် ပွဲစဉ်အပြီးမှာ ဒိုင်အဖွဲ့ကို ဝေဖန်ခဲ့တဲ့ အာဆင်နယ်နည်းပြချုပ် အာတီတာရဲ့ လုပ်ရပ်နဲ့ ယမန်နေ့ညမှာ အာတီတာကို ထောက်ခံပြီး ဒိုင်အဖွဲ့က သူတို့အသင်းကို တောင်းပန်ဖို့ လိုအပ်ကြောင်း တရားဝင်စာ ထုတ်ပြန် ကြေညာခဲ့တဲ့ အာဆင်နယ်ရဲ့ လုပ်ရပ်တို့ဟာ အဆင့်မရှိတဲ့ လုပ်ရပ်တွေ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ နယူးကာဆယ်က တောင်ပံကစားသမား ဂေါ်ဒွန်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ ပွဲကို အနိုင်ရခဲ့ပါတယ်။

Photo Credit: Football London

နယူးကာဆယ်ကို အာဆင်နယ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့ပေမယ့် ဂေါ်ဒွန်ရဲ့ သွင်းဂိုးက အခုချိန်အထိ အငြင်းပွားစရာသွင်းဂိုး အဖြစ် ရှိနေသေးပြီး အာဆင်နယ်နည်းပြချုပ် အာတီတာနဲ့ အသင်းရဲ့ တာဝန်ရှိသူတွေက ဂေါ်ဒွန်ရဲ့ သွင်းဂိုးကို မပေးသင့်ဘူးလို့ ယုံကြည်နေကြပါတယ်။

ဒါကြောင့်ပဲ အာတီတာက နယူးကာဆယ် ၁-၀ အာဆင်နယ် ပွဲအပြီးမှာ ဂေါ်ဒွန်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တဲ့ ဒိုင်လူကြီးတွေ ရှိနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေရမှု အတွက် ရှက်မိကြောင်း ထုတ်ဖော် ပြောဆိုကာ ဒိုင်အဖွဲ့ကို ဝေဖန် ရှုတ်ချခဲ့ပါတယ်။

ယမန်နေ့ညမှာလည်း အာဆင်နယ်က သူတို့အသင်းဟာ နည်းပြချုပ် အာတီတာကို ထောက်ခံကြောင်းနဲ့ ပရီးမီးယားလိဂ်ရဲ့ ဒိုင်အဖွဲ့ချုပ် PGMOLက ဂေါ်ဒွန်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တဲ့ ဒိုင်အဖွဲ့အား သေချာ စစ်ဆေးပေးဖို့ လိုအပ်သလို သူတို့အသင်းကို တောင်းပန်စေချင်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Photo Credit: Football London

လက်ရှိမှာ အာတီတာနဲ့ အာဆင်နယ်တို့ရဲ့ မှတ်ချက်တွေကြောင့် အင်္ဂလန် ဘောလုံးလောကမှာ အတော်လေး ပွက်လောရိုက်နေပြီး မိုက်ကယ် အိုဝင်ကတော့ အာဆင်နယ်ရဲ့ လုပ်ရပ်ဟာ အဆင့်အတန်း မရှိတဲ့ လုပ်ရပ် ဖြစ်ကြောင်း တန်ပြန် ဝေဖန်သွားခဲ့ပါတယ်။ အိုဝင်က – “နယူးကာဆယ်နဲ့ အာဆင်နယ်ပွဲက အတော်လေး ကြည့်ကောင်းခဲ့တဲ့ပွဲပါ။ နှစ်သင်းစလုံးကလည်း အသင်းကောင်းတွေချည်းပါပဲ။ အာတီတာရဲ့ “ရှက်စရာကောင်းတယ်” ၊ “ရွံစရာကောင်းတယ်” ဆိုတဲ့ စကားလုံးတွေကပဲ ပွဲကို အရုပ်ဆိုးစေခဲ့တာပါ။ သူ့ရဲ့စကားလုံးတွေက မှားယွင်းတဲ့ ဆုံးဖြတ်ချက် တခုထက်တောင် ဘောလုံးပွဲတွေကို ပိုပြီး ထိခိုက်စေပါတယ်။ ပြီးတော့ သူ့ရဲ့ကလပ်ကလည်း ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး မကျေနပ်တဲ့ စာတစောင်ကိုတောင် ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီလုပ်ရပ်က အာဆင်နယ်လို အသင်းကြီး အတွက် မလုပ်သင့်တဲ့ လုပ်ရပ် ဖြစ်သလို အဆင့်အတန်း မရှိတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ နယူးကာဆယ်ရဲ့ သွင်းဂိုးက အငြင်းပွားစရာ ဆိုပေမယ့် သူတို့တွေ ထောက်ပြနေတဲ့ အချက် ၃ချက်စလုံးက တိကျခိုင်လုံတဲ့ အချက်အလက်တွေ မဟုတ်ပါဘူး” လို့ ပြောကာ အာဆင်နယ်နဲ့ အာတီတာကို ဝေဖန်သွားခဲ့တာပါ။