လီဗာပူးလ်အသင်းကို အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်မှာ အနိုင်ယူ ကျော်ဖြတ်ပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ဒီရာသီ ပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အက်ဖ်အေဖလားပဲလို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

နည်းပြ တန်ဟက်ဂ်လက်ထက် လီဗာပူးလ်အသင်းနဲ့ (၃)ကြိမ်တိုင်တိုင် တွေ့ဆုံထားခဲ့ရာ တစ်ကြိမ်မှ အနိုင်မရဖူးခဲ့ပေမယ့် ဒီရာသီ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဂိုးမရှိသရေရအောင် ကစားခဲ့သလို အခု (၄)ကြိမ်မြောက်အဖြစ် အက်ဖ်အေဖလားပွဲအတွင်း တွေ့ဆုံရာမှာလည်း အချိန်ပို သွင်းဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

Photo Credit : centredevils

ဒီလို နိုင်ပွဲရလိုက်တာကြောင့် အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့ရပြီဖြစ်ပြီး ဆီမီးမှာလည်း ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီ စီးတီးနဲ့ ဆုံတွေ့နေတာကြောင့် ဖိုင်နယ်ကို (၂)ရာသီဆက်တိုက် တက်လှမ်းနိုင်ဖို့ပါ အခြေအနေ ပိုကောင်းသထက်ကောင်းသွားခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “ကျွန်တော်တို့ ကိုဗင်ထရီကို အကောင်းဆုံး ကစားရပါမယ်။ သူတို့က အရမ်းကောင်းတဲ့ အသင်းလည်းဖြစ်ပြီးတော့ စိတ်ဓါတ်လည်း မာကြောပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖိုင်နယ်ကို တက်လှမ်းချင်တယ်ဆိုရင်တော့ အကောင်းဆုံး ကစားရမှာပါ။ နောက်ပြီး ကျွန်တော်တို့မှာ အနာဂတ်အတွက် ကစားသမားကောင်းတွေ ရှိတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။”

Photo Credit : centredevils

“ကျွန်တော်တို့မှာ ဒါလော့ မိန်းနူး ဂါနာချို အာမတ်တို့လို ကစားသမားကောင်းတွေ ရှိနေပါတယ်။ ဒီကစားသမားတွေတင် မကသေးပါဘူး။ ဒီနေ့ပွဲရဲ့ ပထမပိုင်း (၃၅)မိနစ်ခန့်အထိ အသင်းရဲ့ ကစားပုံက ဒီရာသီ အကောင်းဆုံး ကစားပုုံလို့ ကျွန်တော် ထင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံတွေက ကျဆင်းခဲ့ပါတယ်။ လီဗာပူးလ်ကလည်း အရမ်းကောင်းတဲ့ အသင်းဆိုတာ မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အသင်းပုံစံကို ယုံကြည်ပြီး အခွင့်အရေးတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။”

“ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်နေဆဲပါပဲ။ ဒီရာသီမှာ အချိန်အတော်ကြာအောင် စပါးနဲ့ ဗီလာတို့အောက်ကို ရောက်နေရပေမယ့် သူတို့ကို ဖိအားတွေပါ ဆက်ပေးနေပါတယ်။ ပွဲတိုင်းက ဖိုင်နယ်ပွဲတွေလို သတ်မှတ်ထားပြီး ဖူလ်ဟမ်နဲ့ပွဲကိုတော့ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုဖလား(အက်ဖ်အေဖလား)ပဲ ဖြစ်ပါတယ်။” ပြောဆိုသွားခဲ့ပါတယ်။