ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ နာပိုလီရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဗစ်တာ အိုဆီမန်ရဲ့ အေးဂျင့်ဖြစ်သူ ကာလင်ဒါက သူ့ရဲ့ ကစားသမားဟာ ရာသီကုန်မှသာ နာပိုလီနဲ့ လမ်းခွဲမယ် ၊ လမ်းမခွဲဘူး ဆိုတာကို ဆုံးဖြတ်မယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆီမန်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၅ဦး စာရင်းထဲ ပါဝင်သူ ဖြစ်ပြီး သူက နာပိုလီရဲ့ မရှိမဖြစ် တိုက်စစ် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: The Athletic

အိုဆီမန်က ယခုနှစ် ဘောလုံးရာသီမှာ နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် အထိ ရရှိထားပါတယ်။

အိုဆီမန်က ဂိုးသွင်းအား ကောင်းသလို အသင်းကိုပါ ဦးဆောင်နိုင်စွမ်း ရှိတဲ့ အထောင်တိုက်စစ်မှူး ဖြစ်တာကြောင့် ချယ်လ်ဆီး အပါအဝင် ဥရောပ ထိပ်သီးကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အိုဆီမန်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နာပိုလီနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားပါတယ်။

နာပိုလီက အိုဆီမန်ကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားပေမယ့် စာချုပ်သစ်မှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်မှာ ဖြစ်တာကြောင့် အိုဆီမန်ဟာ သူ နှစ်သက်တဲ့ အသင်းဆီ ကြိုက်တဲ့အချိန် ပြောင်းရွှေ့လို့ ရပြီး အဲ့ဒီအချက်ကြောင့်ပဲ အိုဆီမန်ဟာ လာမယ့် ဆောင်းဈေးကွက်မှာ နာပိုလီကို စွန့်ခွာနိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိလာပါတယ်။

Photo Credit: Football 365

ဒါပေမယ့် အိုဆီမန်ရဲ့ အေးဂျင့်ဖြစ်သူ ကာလင်ဒါကတော့ သူ့ရဲ့ ကစားသမားဟာ ရာသီကုန်မှသာ အနာဂတ် အတွက် ဆုံးဖြတ်မယ်လို့ ပြောကာ ဆောင်းဈေးကွက်မှာ အသင်းပြောင်းမယ် ဆိုတဲ့ သတင်းတွေကို တရားဝင် ငြင်းဆန်သွားခဲ့ပါတယ်။

ကာလင်ဒါက – “စာချုပ်ဖျက်သိမ်းကြေးကိစ္စလား။ ဒီကိစ္စက လျို့ဝှက်ထားရမယ့် ကိစ္စမို့လို့ ထုတ်မပြောချင်ပါဘူး။ ကျွန်တော်တို့က လာမယ့် နွေဈေးကွက် ရောက်မှ နာပိုလီနဲ့ ဆွေးနွေးပြီး အိုဆီမန်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပါမယ်။ ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ကျွန်တော်တို့က ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် နာပိုလီနဲ့ ဆွေးနွေးပြီးနောက် အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။