နာပိုလီအသင်းဟာ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ တိုက်စစ်ကစားသမား ဗစ်တာ အိုဆီမန်ကို ရောင်းချသွားဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၉၀)အပြင် ပီအက်စ်ဂျီရဲ့ တောင်ကိုရီးယား ကွင်းလယ်လူ လီကန်အင်ကိုပါ အလိုက်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်သွားခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကီလီယန် အမ်ဘာပေကို ရီးယဲလ်မက်ဒရစ်အသင်းဆီ အလွတ်နဲ့ လက်လွတ်လိုက်ရချိန်မှာ အသင်းတိုက်စစ်ပိုင်းအတွက် အနည်းဆုံး ကစားသမားသစ်တစ်ဦးခန့်လောက် ဖြည့်တင်းသွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Football Transfer

ပီအက်စ်ဂျီ ခေါ်ယူချင်နေတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ နာပိုလီအသင်းရဲ့ နိုင်ဂျီရီးယား တိုက်စစ်မှူး အိုဆီမန်လည်း အပါအဝင် ဖြစ်လာခဲ့ပြီး ဒီနွေဈေးကွက်မှာ အရ ခေါ်ယူနိုင်ဖို့အတွက်လည်း ကြိုးပမ်းမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ဒီအချိန်မှာ အိုဆီမန်ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။

ဒါပေမယ့် ကစားသမား ရောင်းချတဲ့အခါမှာ အမြဲတမ်း အခက်တွေ့အောင် လုပ်ဆောင်တက်တဲ့ နာပိုလီအသင်းရဲ့ ထုံးစံအတိုင်း အိုဆီမန်ကို လိုချင်ရင် သူတို့သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို သန်း(၁၃၀)နဲ့ ကမ်းလှမ်းမှသာ စဉ်းစားမှာဖြစ်ကြောင်း ပီအက်စ်ဂျီထံ အသိပေးခဲ့သလို ယူရို သန်း(၁၁၀)အထိ တန်ကြေးကို လျှော့ချပေးခဲ့ပါသေးတယ်။

Photo Credit : Goal

ဒါပေမယ့် ပီအက်စ်ဂျီကတော့ အိုဆီမန်အတွက် ပြောင်းရွှေ့ကြေးကို အမြင့်ဆုံး ယူရို သန်း(၈၀)လောက်အထိသာ အသုံးပြုသွားချင်နေတဲ့အချိန် နာပိုလီဘက်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၉၀)နဲ့ လီကန်အင်ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ တောင်းဆိုလာရာမှာတော့ အပြောင်းအရွှေ့က ဆက်လုပ်ဆောင်လို့ မရတော့ပဲ ပျက်သွားခဲ့ရပါတယ်။

ဒီအချိန်မှာတော့ ပီအက်စ်ဂျီက အိုဆီမန်ကို ခေါ်ယူဖို့ လုံးဝ ကြိုးပမ်းတော့မှာ မဟုတ်ပဲ အသင်းကနေ ရောင်းထုတ်သွားဖို့ ရှိနေတဲ့ ကိုလို မူအာနီကိုပါ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားဖို့သာ ရှိနေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအနေနဲ့ ဈေးကွက်မပိတ်ခင်မှာတော့ တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးဦးကို ရအောင် ခေါ်ယူသွားဖွယ်လည်း ရှိနေပါသေးတယ်။