နာပိုလီအသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်မှာ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့သွားဖို့ အလွန် နီးစပ်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း နာပိုလီအတွက် အကောင်းဆုံးသော စွမ်းဆောင်မှုတွေ ပြသခဲ့ရင်း နာပိုလီကိုပါ စီးရီးအေ အမှတ်ပေး ချန်ပီယံဆုပါ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါ့အပြင် အိုဆီမန်ကိုယ်တိုင်ကလည်း စီးရီးအေ သွင်းဂိုးအများဆုံးဆု ၊ စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ အာဖရိကရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေအထိပါ ဆွတ်ခူးခဲ့သေးတာကြောင့် သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပါတယ်။

အိုဆီမန်ကလည်း လာမယ့်နွေမှာ နာပိုလီကနေ စွန့်ခွာဖွယ် ရှိနေတာကြောင့် တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိနေကြတဲ့ ကလပ်အသင်းတိုင်းက အိုဆီမန်ကို ပစ်မှတ်ထားနေကြပေမယ့် လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းက လက်ဦးမှု ရယူနိုင်ဖို့ အခြေအနေ အလွန်ကောင်းနေပြီပဲ ဖြစ်ပါတယ်။

Photo Credit : Get Italian Football News

နာပိုလီက အိုဆီမန်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကပဲ စာချုပ်သက်တမ်း တိုးမြှင့်ထားပြီး စာချုပ်ဖျက်သိမ်းကြေးကိုလည်း ယူရို သန်း(၁၂၀)အထိ သတ်မှတ်ခဲ့ရာ ပီအက်စ်ဂျီကလည်း အဲ့ဒီ စာချုပ်လျော်ကြေးအတိုင်းနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ရှိနေပါတယ်။

ပီအက်စ်ဂျီက လာမယ့်နွေမှာ အသင်းရဲ့ စူပါစတား တိုက်စစ်ကစားသမား ကီလီယန် ဘာပေကို သေချာပေါက် လက်လွတ်သွားရတော့မှာဖြစ်လို့ တိုက်စစ်ပိုင်းအတွက် ကြီးကြီးမားမား အားဖြည့်မှုအနေနဲ့ အိုဆီမန်ကို အရ ခေါ်ယူသွားဖို့ ရှိနေပြီး တစ်နှစ်လုပ်ခအဖြစ်နဲ့ ယူရို (၁၃)သန်းအထိပါ ပေးချေသွားဖို့ပါ ရှိနေတယ်လို့ သိရပါတယ်။