အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီရဲ့ အဓိက တိုက်စစ်မှူး ဗစ်တာ အိုဆီမန်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်ထားပေမယ့် သူ တကယ် ပြောင်းချင်တဲ့အသင်းက ချယ်လ်ဆီးရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်သာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် နိုင်ဂျီရီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆီမန်က စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းထဲမှာ ပါဝင်သလို ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၁၃၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇၆ဂိုး သွင်းယူထားပေးထားသလို ဂိုးဖန်တီးမှု ၁၈ကြိမ် ရရှိထားကာ နာပိုလီအတွက် သမိုင်းဝင် စကူဒက်တိုဖလားကိုလည်း ရယူပေးထားပါတယ်။

Photo Credit: Euro Sports

ဗစ်တာ အိုဆီမန်က သူ့ရဲ့ ကြံ့ခိုင်မှု ၊ တိုးအား ၊ ရုန်းအားတွေကြောင့် နာမည်ကျော်သူ ဖြစ်ပြီး သူက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ပီပီ ရာသီတိုင်းမှာ သွင်းဂိုး ၃၀ဂိုး ဝန်းကျင်ခန့် သွင်းယူနိုင်ကာ လက်ရှိမှာတော့ ဥရောပ ထိပ်သီးအသင်း အများစုက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

တဖက်မှာ လန်ဒန်မြို့ခံကလပ်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းအတွက် အားကိုးရမယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေကြပြီး သူတို့နှစ်သင်းစလုံးရဲ့ ပစ်မှတ်စာရင်းထဲမှာ ဗစ်တာ အိုဆီမန်လည်း ပါဝင်နေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးနဲ့ နာပိုလီတို့ နှစ်သင်းစလုံးက ဗစ်တာ အိုဆီမန်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်နေဆဲ ဖြစ်ပြီး အိုဆီမန်ကတော့ ချယ်လ်ဆီးအစား အာဆင်နယ်ဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

နာပိုလီက သူတို့ရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ပြီး ချယ်လ်ဆီးက အိုဆီမန်အတွက် လူကာကူ (ယူရို ၄၀သန်း) + ယူရို ၄၀သန်း ဆိုတဲ့ ကမ်းလှမ်းမှုမျိုး လုပ်ဖို့ စဉ်းစားထားကြောင်း အီတလီ အခြေစိုက် သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။