နာပိုလီအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ဟာ နွေဈေးကွက်အတွင်းမှာ အာဆင်နယ်အသင်းဘက်ကနေ သူ့အတွက် ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတွေကို စောင့်မျှော်လျက် ရှိနေတယ်လို့ အီတလီ အခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

တကယ်တော့ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆီမန်ဟာ ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း အိုဆီမန်ကိုယ်တိုင်က ချယ်လ်ဆီးထက် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်တာကြောင့် ဆွေးနွေးမှုက ပျက်ပြယ်သွားခဲ့တယ်လို့ အီတလီ နာမည်ကြီး ဘောလုံးသတင်းထောက် ဒီမာဇီယိုက ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Football365

ဒါ့အပြင် အာဆင်နယ် ပစ်မှတ်ထားနေတဲ့ လိုက်ပ်ဇစ်အသင်းရဲ့ ဆလိုဗေးနီးယား တိုက်စစ်မှူးလေး ဘင်ဂျမင် ဆက်စ်ကိုကပါ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် အဖြေပေးထားတာကြောင့် အာဆင်နယ်အနေနဲ့ အသင်းတိုက်စစ်ပိုင်းအတွက် ဆက်စ်ကိုနဲ့ အိုဆီမန်တို့ နှစ်ဦးထဲကမှ တစ်ဦးဦးကို ရွေးချယ်သွားရနိုင်ပါတယ်။

ကစားသမားနှစ်ဦးလုံးကတော့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိလို့နေပြီး နာပိုလီရဲ့ ဂိုးသွင်းစက် အိုဆီမန်မှာလည်း အာဆင်နယ်ဘက်က သူ့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်လာမှာကို စောင့်ဆိုင်းနေပြီး တကယ်လို့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှု မရခဲ့ရင် ဆော်ဒီကိုသာ ပြောင်းရွှေ့ဖွယ်လည်း ရှိလာနိုင်ပါတယ်။

Photo Credit : Football Transfer

အာဆင်နယ်ကလည်း လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား အပါအဝင် ပြိုင်ပွဲတိုင်းမှာ ဆုဖလားတွေကို စိန်ခေါ်နိုင်သူ ဖြစ်လာဖို့အတွက် အရည်အသွေးမြင့် အထောင်တိုက်စစ်မှူးတစ်ဦးခန့်လောက် ဖြည့်တင်းသွားဖို့ လိုအပ်နေပြီး ဒီအတွက်ကိုလည်း ပြောင်းရွှေ့ကြေး အမြောက်အများ သုံးစွဲဖွယ်ပါ ရှိနေပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်က အိုဆီမန်အတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာ မပြုလုပ်ထားရသေးပေမယ့် အသက် (၂၀)အရွယ် ဆလိုဗေးနီးယန်း တိုက်စစ်မှူးလေး ဆက်စ်ကိုအတွက်ကိုတော့ သူရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ဖြစ်လို့နေပြီး ဘယ်တိုက်စစ်မှူးက အာဆင်နယ် တိုက်စစ်ပိုင်းကို ရောက်ရှိလာမလဲဆိုတာကိုသာ ဆက်လက် စောင့်ကြည့်သွားရပါတော့မယ်။