တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းပေါ့တ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ အော်စကာက သူဟာ အခွင့်အရေး ရမယ် ဆိုရင် အသင်းဟောင်း ချယ်လ်ဆီးဆီ ပြန်လည် ပြောင်းရွှေ့ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူ အော်စကာက အရည်အသွေးမြင့် ကွင်းလယ်လူ တဦး ဖြစ်ပြီး အော်စကာဟာ ၂၀၁၇ခုနှစ်မှာတော့ ချယ်လ်ဆီးကနေ တရုတ် စူပါလိဂ်ကလပ် ရှန်ဟိုင်းပေါ့တ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Goal

အော်စကာက သူ့ဘဝရဲ့ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားချိန်မှာ ချယ်လ်ဆီးလို ဥရောပရဲ့ အသင်းကြီး တသင်း ကနေ တရုတ်ကလပ် ရှန်ဟိုင်းပေါ့တ်ဆီ ပြောင်းရွှေ့ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အော်စကာကတော့ သူ့မိသားစုရဲ့ နောင်ရေးအတွက် ပိုက်ဆံများများ စုချင်တာကြောင့် ရှန်ဟိုင်းပေါ့တ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက် အတွက် နောင်တမရဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ အော်စကာက ရှန်ဟိုင်းပေါ့တ်မှာ တနှစ် လုပ်ခလစာ ဒေါ်လာ ၂၅သန်းကျော် ရရှိနေပြီး အော်စကာနဲ့ ရှန်ဟိုင်းပေါ့တ် ကြားထဲမှာ ရှိနေတဲ့ စာချုပ်က လာမယ့် ၂၀၂၄ ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အော်စကာက သူ့ရဲ့ အိမ်မက် တခုဟာ အသင်းဟောင်း ချယ်လ်ဆီးမှာ ပြန်လည် ကစားနိုင်ဖို့ ဖြစ်ကြောင်းနဲ့ ချယ်လ်ဆီးကသာ သူ့ကို လိုချင်ရင် ချယ်လ်ဆီးဆီ ပြန်လာချင်ကြောင်း ဆိုလာပါတယ်။

အော်စကာက – “ချယ်လ်ဆီးမှာ ပြန်ကစားနိုင်ဖို့က ကျွန်တော့်ရဲ့ အိမ်မက်တခုပါ။ ကျွန်တော်က ချယ်လ်ဆီးကို အခုချိန်ထဲ ချစ်မြတ်နိုးနေဆဲပဲ ဆိုတာကို လူတိုင်း သိကြပါတယ်။ ကျွန်တော်က ချယ်လ်ဆီးမှာ အချိန်အတော်ကြာအောင် ကစားခဲ့လို့ အသင်းနဲ့အတူ အမှတ်တရကောင်းတွေ အများကြီးလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် တကယ်လို့ ကျွန်တော်သာ ချယ်လ်ဆီးမှာ ပြန်ကစားခွင့် ရခဲ့မယ် ဆိုရင် အတော်လေး ပျော်ရွှင်မိမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။