မကြာခင်မှာပဲ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းပို့တ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် ချယ်လ်ဆီး ကစားသမားဟောင်း အော်စကာက တရုတ်ကနေ ဥရောပ ဘောလုံးနယ်ပယ်ထဲကို ပြန်လည် ဝင်ရောက်လာဖို့ စဉ်းစားလျက် ရှိနေတယ်လို့ သိရပါတယ်။

အသက် (၃၂)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင်ဟောင်း ကွင်းလယ်တိုက်စစ် ကစားသမား အော်စကာဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက တရုတ်စူပါလိဂ်ပြိုင်ပွဲဆီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး တရုတ်ကလပ် ရှန်ဟိုင်းပို့တ်မှာ (၇)နှစ်နီးပါး ကျင်လည်ပြီးမှ လက်တွဲဖြုတ်ဖို့ အကြောင်းဖန်လာတာ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ဆော်ပေါ်လို အင်တာနေစီယွန်နယ်တို့လို ဘရာဇီးလ်ကလပ်အသင်းတွေနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်း အော်စကာက ၂၀၁၂ခုနှစ်ကနေ စတင်ပြီး ချယ်လ်ဆီးအသင်းနဲ့အတူ ဥရောပ ဘောလုံးနယ်ပယ် စတင်ကျင်လည်ခွင့် ရရှိရင်း အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းမှာ (၅)ရာသီနီးပါး ပွဲပေါင်း (၂၀၃)ပွဲအထိ ပါဝင်ခဲ့တဲ့ အော်စကာဟာ ချယ်လ်ဆီးအတွက် (၃၈)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ချယ်လ်ဆီးနဲ့လည်း ပရီးမီးယားလိဂ်ဖလား (၂)ကြိမ် ယူရိုပါလိဂ်ဖလား (၁)ကြိမ် လိဂ်ဖလား (၁)ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

Photo Credit : NDTV Sports

ချယ်လ်ဆီးအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခြင်းမှာပဲ တရုတ်ကလပ်တွေက ဥရောပက ကစားသမားကောင်းတွေကို ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူလာခဲ့ရာ အဲ့ဒီထဲမှာ အော်စကာလည်း ပါဝင်ခဲ့ပြီး ရှန်ဟိုင်းပို့တ်အသင်းက အော်စကာကို ပေါင် သန်း(၆၀)နဲ့ ခေါ်ယူခဲ့သလို တစ်နှစ်လုပ်ခကိုလည်း ပေါင် သန်း(၂၀)အထိပါ ပေးချေခဲ့ပါတယ်။

အခုတော့ အော်စကာက လာမယ့် နိုဝင်ဘာလကုန်မှာပဲ ရှန်ဟိုင်းပို့တ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဥရောပဆီ ပြန်လာဖို့ စီစဉ်နေသလို သူ့အသင်းဟောင်း အင်တာနေစီယွန်နယ်ကပါ အော်စကာကို ကလပ်အသင်းဆီ ပြန်လည် ခေါ်ဆောင်ဖို့ စီစဉ်နေပါတယ်။