ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်ရဲ့ အသင်းခေါင်းဆောင် အော်ဘန်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၁-၁ လိုက်ပ်ဇစ် ပွဲစဉ်မှာ စကားများကြရင်း သူ့ရဲ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ကိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးရှပ်ဟာ အနီကတ် ထိခဲ့သင့်တယ်လို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က အုပ်စုအဆင့်မှာ အုပ်စု(C)ရဲ့ ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး လိုက်ပ်ဇစ်ကတော့ အုပ်စု(G)ရဲ့ အုပ်စုဒုတိယအဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်လာခဲ့တာ ဖြစ်ကာ သူတို့နှစ်သင်းက ပထမအကျော့အဖြစ် ဂျာမန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ရာ ရီးရဲလ်မက်ဒရစ်ဟာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားပါတယ်။

Photo Credit: Sky Sports

ရီးရဲလ်မက်ဒရစ်က ပထမအကျော့မှာ ၁ဂိုးအသာနဲ့ အနိုင်ရထားတာကြောင့် လိုက်ပ်ဇစ်က ကွာတားဖိုင်နယ်ဆီ တက်ရောက်ချင်ရင် ဒုတိယအကျော့မှာ အနိမ့်ဆုံး ရီးရဲလ်မက်ဒရစ်ကို ၂ဂိုးပြတ် အနိုင်ရဖို့ လိုအပ်ခဲ့ပေမယ့် တကယ်တမ်း ယှဉ်ပြိုင် ကစားခဲ့ချိန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ လိုက်ပ်ဇစ်တို့က တဖက် တဂိုးစီနဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဒုတိယအကျော့မှာ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်က နှစ်ကျော့ပေါင်းရလဒ် ၂-၁နဲ့ လိုက်ပ်ဇစ်ကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့ပြီး လိုက်ပ်ဇစ်ကတော့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် အရှုံးသမား အဖြစ်နဲ့သာ ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။

Photo Credit: Goal

ရီးရဲလ်မက်ဒရစ် ၁-၁ လိုက်ပ်ဇစ် ပွဲစဉ်မှာ သွင်းဂိုးကိုယ်စီ သွင်းယူနိုင်ခဲ့ကြတဲ့ ဗင်နီးရှပ်နဲ့ အော်ဘန်တို့က ပွဲချိန် ၅၃မိနစ် ဝန်းကျင်မှာ အချင်းများခဲ့ကြပြီး ဗင်နီးရှပ်က အော်ဘန်ရဲ့ လည်ပင်းကို လက်နှစ်ဖက်နဲ့ ကိုင်ကာ အော်ဘန်ကို ဆောင့်တွန်းပစ်ခဲ့ပါတယ်။ အဆိုပါလုပ်ရပ်ကြောင့် ကွင်းလယ်ဒိုင် မက်ဆာက ဗင်နီးရှပ်ကို အဝါကတ်ပြား ပြသကာ သတိပေးခဲ့ပေမယ့် အော်ဘန်ကတော့ ဗင်နီးရှပ်ဟာ အနီကတ် ပြသခံခဲ့ရသင့်တယ်လို့ ယုံကြည်နေပါတယ်။

အော်ဘန်က – “ကွင်းလယ်ဒိုင်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ကစားသမားတွေကို အနီကတ် ပြရဲတဲ့ သတ္တိမရှိပါဘူး။ ဗင်နီးရှပ်က ကျွန်တော့်ရဲ့ လည်ပင်းကို လက်နှစ်ဖက်နဲ့ ကိုင်ခဲ့တာပါ။ ဒါက မလေးစားတဲ့ အပြုအမူပါ” လို့ ပွဲပြီးအင်တာဗျူးမှာ စိတ်ပျက်လက်ပျက် ပြောသွားခဲ့တာပါ။ ဗင်နီးရှပ်နဲ့ အော်ဘန်တို့ရဲ့ ဖြစ်ရပ်က ပွဲချိန် ၅၃မိနစ် ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တာကြောင့်သာ ဗင်နီးရှပ်သာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရင် ပွဲရဲ့ ရလဒ်က အပြောင်းအလဲ ဖြစ်သွားနိုင်ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဗင်နီးရှပ်ရဲ့ အပြုအမူဟာ သွေးပူချိန်မှာ ဖြစ်တတ်တဲ့ အပြုအမူလို့သာ ယူဆခဲ့ပါတယ်။