နာမည်ကျော် Opta ရဲ့ စူပါကွန်ပျူတာ ခန့်မှန်းချက်များအရ ဘာစီလိုနာအသင်းဟာ ၂၀၂၄-၂၅ ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ခန့်မှန်ခံထားရပါတယ်။ လီဗာပူးလ်အသင်းက အင်္ဂါနေ့မှာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ပြီးနောက် ကာတာလန် အင်အားကြီးအသင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အောင်ပွဲအတွက် ဦးဆောင်ပြိုင်ဘက်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

အာနေး ဆလော့တ်ရဲ့ အသင်းဟာ ပီအက်စ်ဂျီနဲ့ မတွေ့ဆုံခင်မှာ ၂၃.၉ ရာခိုင်နှုန်းနဲ့ ဖလားရရှိဖို့ အလားအလာ အကောင်းဆုံးအသင်း ဖြစ်ခဲ့ပေမယ့် လူးဝစ် အင်းနရစ်ရဲ့ အသင်းကို ကံမကောင်းစွာ ပင်နယ်တီ အဆုံးအဖြတ်ခံခဲ့ရပြီးနောက်မှာတော့ (၁၆)သင်းအဆင့်နဲ့ပဲ ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါတယ်။

Photo Credit : Bleacher Report

လီဗာပူးလ် ထွက်သွားပြီးနောက် ဘာစီလိုနာအသင်းဟာ ၂၀.၄ ရာခိုင်နှုန်းနဲ့ ပြိုင်ပွဲရဲ့ ကျန်ရှိတဲ့ အသင်းတွေထဲ ရေပန်းအစားဆုံး အသင်းအဖြစ် ဆက်လက် တည်ရှိနေပြီး ဟန်စီ ဖလစ်ခ်ရဲ့ အသင်းဟာ ကွာတားဖိုင်နယ်မှာ ဒေါ့မွန်နဲ့ တွေ့ဆုံနေရတာကြောင့် ရေပန်းစားမှုမှာ ပီအက်စ်ဂျီထက် အနည်းငယ် အသာရနေရပါတယ်။

ဘာစီလိုနာဟာ ဒေါ့မွန်ကိုသာ အနိုင်ရရှိမယ်ဆိုရင် ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်တို့ပွဲစဉ်မှာ အနိုင်ရလာမယ့်အသင်းနဲ့ ဆုံတွေ့ရမှာ ဖြစ်ပါတယ်။ တစ်ဖက်က လီဗာပူးလ်ကို ကျော်ဖြတ်လာတဲ့ ပီအက်စ်ဂျီကတော့ စူပါကွန်ပျူတာမှာ ၁၉.၃ ရာခိုင်နှုန်းနဲ့ ဗိုလ်စွဲဖို့ ဒုတိယ ရေပန်းအစားဆုံး နေရာမှာ ရှိနေပြီး PSV ကို နှစ်ကျော့ပေါင်း ၉-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းက တတိယနေရာမှာ ရှိနေပါတယ်။

Photo Credit : Opta Analyst

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံနဲ့ အအောင်မြင်ဆုံးကလပ် ရီးယဲလ် မက်ဒရစ်အသင်းကတော့ ဆီမြွန်နီ အင်ဇာဂီရဲ့ အင်တာမီလန်အသင်းထက်ပင် ရေပန်းစားမှု နည်းပါးနေရပြီး အင်တာက စတုတ္ထနေရာနဲ့ ရီးယဲလ်ကတော့ ပဉ္စမနေရာမှာသာ ရှိနေရပါတယ်။ ဒီအသင်းတွေရဲ့နောက်မှာ အက်စတွန် ဗီလာနဲ့ ဒေါ့မွန်တို့က အစဉ်လိုက် ရှိနေပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် ပီအက်စ်ဂျီနဲ့ဗီလာ ရီးယဲလ်နဲ့အာဆင်နယ် ဘာစီလိုနာနဲ့ဒေါ့မွန် ဘိုင်ယန်မြူးနစ်နဲ့အင်တာမီလန်တို့ လာမယ့် ဧပြီလထဲမှာ ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး ဒီပွဲတွေထဲ ဘိုင်ယန်နဲ့အင်တာပွဲကလွဲရင် ကျန်တဲ့(၃)ပွဲမှာ ပီအက်စ်ဂျီ ရီးယဲလ်နဲ့ ဘာစီလိုနာတို့က ဆီမီးဖိုင်နယ်ဆီ တက်လှမ်းဖို့ အခြေအနေတွေကောင်းနေကြပါတယ်။