ဘာစီလိုနာရဲ့ ကြယ်ပွင့်ကစားသမားလေး လာမင်း ယာမယ်လ်နဲ့အတူ အားလပ်ရက်မှာ အတူရှိနေခဲ့တဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း အွန်လိုင်းပေါ်ကနေ ခြိမ်းခြောက်မှုတွေနဲ့ စော်ကားမှုတွေ ရင်ဆိုင်နေရတဲ့ OnlyFans မော်ဒယ်လ် ဖာတီ ဗက်ဇ်ကွက်ဇ်က တရားဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

YouTuber တစ်ဦးနဲ့ Fitness Influencer တစ်ဦးလည်းဖြစ်တဲ့ ဖာတီ ဗက်ဇ်ကွက်ဇ်ဟာ အသက် ၁၇ နှစ်အရွယ် ဘာစီလိုနာရဲ့ အံ့ဖွယ်ကစားသမားလေး ယာမယ်လ်နဲ့အတူ အားလပ်ရက် ခရီးထွက်နေတဲ့ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း ပရိသတ်တွေရဲ့ မလိုလားအပ်တဲ့ အာရုံစိုက်မှုကို ခံခဲ့ရတာပါ။

Photo Credit : International Business Times UK

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗက်ဇ်ကွက်ဇ်က ရုပ်သံအစီအစဉ်တစ်ခုမှာ အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။ “ပထမဆုံးအနေနဲ့ ကျွန်မအသက်က ၂၉ ပါ။ အသက် ၃၀ တောင် မပြည့်သေးပါဘူး။ ကျွန်မ ဘာအမှားမှ မလုပ်ထားပါဘူး၊။ ဘယ်သူ့ကိုမှလည်း သတ်မထားပါဘူး။ ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေက အရမ်းပြင်းထန်လွန်းပြီး ဒါက ကောင်လေး (ယာမယ်လ်)ကိုပါ ထိခိုက်စေပါတယ်။ ကျွန်မ သူနဲ့ ရက်အနည်းငယ် အတူရှိခဲ့တာလေးပါပဲ။ ဒီကိစ္စအပေါ် စော်ကားပြောဆိုမှုတွေက အရမ်းများလွန်းလို့ ဒီထက်ပိုပြီး ဘာမှမပြောချင်တော့ပါဘူး။”

ဗက်ဇ်ကွက်ဇ์်က သူမနဲ့ ယာမယ်လ်ကြားမှာ အချစ်ရေးနဲ့ပတ်သက်တဲ့ ဆက်ဆံရေးမျိုး လုံးဝမရှိကြောင်း အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။ စပိန်လက်ရွေးစင်ကစားသမားလေး ယာမယ်လ်က လူမှုကွန်ရက်ကနေတစ်ဆင့် သူ့ရဲ့ အီတလီနိုင်ငံ အားလပ်ရက်ခရီးမှာ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့ သူမက ရှင်းပြခဲ့ပါတယ်။

Photo Credit : Goal

ဒါ့အပြင် သူမကို အမုန်းပွားဖွယ်ရာ စာတွေ ဆက်တိုက်ပို့နေတဲ့သူတွေကိုလည်း Instagram ကနေတစ်ဆင့် အခုလို သတိပေးခဲ့ပါတယ်။ “ကျွန်မ လက်ခံရရှိနေတဲ့ ခြိမ်းခြောက်မှုတွေ စော်ကားမှုတွေနဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေဟာ ပြင်းထန်တဲ့ ကိစ္စတွေဖြစ်ပြီး အချက်အလက်တွေကို မှတ်တမ်းတင်နေပါပြီ။ လူမှုကွန်ရက်ပေါ်မှာ အသရေဖျက်တာ နှောင့်ယှက်တာနဲ့ ခြိမ်းခြောက်တာတွေဟာ ရာဇဝတ်မှု ဖြစ်တယ်ဆိုတာကို သတိရကြပါ။” လို့ သတိပေးလိုက်ပါတယ်။

ယာမယ်လ်ဟာ ၂၀၂၄-၂၅ ရာသီမှာ ဘာစီလိုနာအသင်းနဲ့အတူ ပြည်တွင်းဖလားသုံးလုံး ဆွတ်ခူးပေးခဲ့ပြီးနောက် ကောင်းကောင်းမွန်မွန် အနားယူနေတာဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်မွေးနေ့ကို ရောက်ရှိမှာဖြစ်ပြီး အသင်းနဲ့အတူ တန်ဖိုးကြီး စာချုပ်သစ်တစ်ရပ်ကိုလည်း ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။