မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား အန်ဒရေ အိုနာနာဟာ လတ်တလောမှာ သူနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်နေပေမယ့် သူကိုယ်တိုင်က ယူနိုက်တက်မှာသာ ဆက်နေချင်သလို အသင်းက သူ့ကို မလိုအပ်မှသာ အသင်းကနေ ထွက်ခွာသွားမှာ ဖြစ်တယ်လို့ ESPN ကနေ ဖော်ပြလာပါတယ်။
အသက်(၂၈)နှစ်အရွယ် ကင်မရွန်း လက်ရွေးစင် ဂိုးသမား အိုနာနာဟာ ၂၀၂၃ကမှ အင်တာမီလန်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး သူရဲ့ ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ သူရဲ့ အမှားအယွင်းတွေ ပေါ့ဆမှုတွေကြောင့် အသင်းက ဂိုးတွေပေးခဲ့ရပြီး အိုနာနာလည်း ဝေဖန် ပြစ်တင်မှုတွေပါ ခံခဲ့ရပါသေးတယ်။
Photo Credit : TEAMtalk
ဒီရာသီမှာလည်း အိုနာနာက လက်စွမ်းပိုင်း တိုးတက်မှု ရှိလာသည့်တိုင် အမှားတွေလည်း ရှိနေဆဲဖြစ်လို့ ယူနိုက်တက်ဘက်က အိုနာနာကို ၂၀၂၅ နွေမှာပဲ ဆော်ဒီကလပ်အသင်းတွေဆီ ရောင်းချဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အိုနာနာနေရာအတွက် ဘယ်လ်ဂျီယံ ဂိုးသမား လမ်းမန်းစ်နဲ့ လိုင်လီဂိုးသမား ရှီဗာလီယာတို့ကို ပစ်မှတ်ထားလာခဲ့ပါတယ်။
အိုနာနာကို ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ယူနိုက်တက်ဟာ အိုနာနာရဲ့ အရန်ဂိုးသမားတွေဖြစ်တဲ့ ဘာယင်ဒါနဲ့ ဟီတန်တို့ဟာလည်း လာမယ့် ဘောလုံးရာသီအတွင်းမှာပဲ ဘာယင်ဒါက ပွဲကစားခွင့်တွေ များစွာ ရရှိဖို့အတွက် အသင်းကနေ ထွက်ခွာနိုင်သလို ဟီတန်ဆိုရင်လည်း ဘောလုံးသမားဘဝကနေ အနားယူဖွယ် ရှိနေပါတယ်။
Photo Credit : Goal
ဒါကြောင့် အိုနာနာကို မရောင်းထုတ်ဖြစ်ရင်တောင်မှ ယူနိုက်တက်အနေနဲ့ အနည်းဆုံး ဂိုးသမားတစ်ဦးခန့်လောက် ပြန်လည် ဖြည့်တင်းသွားရဖို့ ရှိနေပါတယ်။ အိုနာနာကလည်း သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်ပေါ်နေပေမယ့် အသင်းဘက်ကနေ သူ့ကို အလိုမရှိတော့ဘူးလို့ အသိပေးလာမှသာ အသင်းပြောင်းရွှေ့ဖို့အတွက် စဉ်းစားလိမ့်မယ်လို့ ESPN မှာ ဖော်ပြထားပါတယ်။
အိုနာနာဟာ ယူနိုက်တက်နဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ (၈)ပွဲအထိ clean sheets ရယူထားနိုင်ခဲ့သလို ယူနိုက်တက် ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း (၁၇)ပွဲအထိ clean sheets တွေ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။