မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား အန်ဒရေ အိုနာနာဟာ သူ့ရဲ့ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ပရီးမီးယားလိဂ်ရဲ့ ရာသီသစ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
ယူနိုက်တက်ရဲ့ ဂိုးသမား အိုနာနာဟာ ပြီးခဲ့တဲ့လက အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ အသင်းရဲ့ ရာသီကြိုခရီးစဉ်မတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ရာသီကြိုခြေစမ်းပွဲစဉ် တစ်ပွဲမှ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။
Photo Credit : Manchester Evening News
Manchester Evening News ရဲ့ ဖော်ပြချက်အရ အိုနာနာဟာ ဒီတစ်ပတ်အကုန်မှာ ကစားမယ့် ဖီအိုရင်တီးနားအသင်းနဲ့ ခြေစမ်းပွဲကိုလည်း ဆက်လက်လွဲချော်ဦးမှာဖြစ်ပေမယ့် တစ်ပတ်ကျော်ကျော်သာ လိုတော့တဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။
ယူနိုက်တက် ပရိသတ်အချို့ကတော့ လိဒ်စ်ယူနိုက်တက်၊ ဘုန်းမောက်၊ အဲဗာတန်နဲ့ ဝက်စ်ဟမ်းအသင်းတို့ကို ရင်ဆိုင်ခဲ့ရတဲ့ ရာသီကြိုပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ အိုနာနာအနေနဲ့ ရာသီသစ်အတွက် အကောင်းဆုံးပုံစံရဖို့ အချိန်မီပါ့မလားဆိုတာကို စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် အရန်ဂိုးသမားဖြစ်တဲ့ အယ်လ်တေး ဘာယင်ဒါဟာလည်း သူပါဝင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ (၃)ပွဲလုံးမှာ လက်စွမ်းမငြိမ်မသက်ဖြစ်နေခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ဂိုးသမားနေရာဟာ စိုးရိမ်စရာအဖြစ် ရှိနေဆဲပါ။
Photo Credit : The New York Times
သတင်းတွေမှာ ထပ်မံဖော်ပြထားတာကတော့ ၂၀၂၃ ခုနှစ်က အင်တာမီလန်အသင်းကနေ ပေါင်(၄၇.၂)သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တက်မှာ အမှားအယွင်းတချို့ ပြုလုပ်ခဲ့တဲ့ ကင်မရွန်းလက်ရွေးစင် ဂိုးသမားအိုနာနာဟာ နည်းပြရူဘင် အမိုရင်နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ သိရပါတယ်။ နည်းပြ အမိုရင် ကိုယ်တိုင်ကလည်း နွေရာသီအစောပိုင်းမှာ အသက်(၂၉)နှစ်အရွယ် ဂိုးသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်တယ်လို့ သီးသန့်ပြောဆိုခဲ့ဖူးပါတယ်။
ယူနိုက်တက်ရဲ့ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် စနေနေ့မှာ ဖီအိုရင်တီးနားနဲ့ကစားမယ့်ပွဲမှာတော့ ဘာယင်ဒါ ပွဲထွက်လာနိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် တကယ်လို့ အိုနာနာသာ ကြံ့ခိုင်မှု အပြည့်အဝပြန်ရခဲ့မယ်ဆိုရင်တော့ နည်းပြ အမိုရင်ဟာ ဩဂုတ်လ (၁၇)ရက်နေ့ အိုးလ်ထရက်ဖို့ဒ်မှာကစားမယ့် အာဆင်နယ်နဲ့ပွဲကြီးပွဲကောင်းမှာ အင်တာမီလန်ဂိုးသမားဟောင်းကို ပွဲထွက်ဂိုးသမားအဖြစ် ပြန်လည်အသုံးပြုလာဖွယ်ရှိနေကြောင်း သတင်းတွေက သုံးသပ်ဖော်ပြထားပါတယ်။