ဒီနေ့ မေလ (၂၂) ရက်နေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ ပွဲစဉ်မတိုင်မီမှာ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အန်ဒရေ အိုနာနာက ကလပ်အသင်းရဲ့ တရားဝင်မီဒီယာနဲ့ တွေ့ဆုံရာမှာ သူ့ရဲ့ ခံစားချက်တွေကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

အိုနာနာက  “ကျွန်တော့်အတွက်တော့ ဒါက တကယ့်ကို ကြီးမားတဲ့ ဂုဏ်ယူစရာနဲ့ အခွင့်ထူးတစ်ခုပါ။ ကျွန်တော် အိုင်းယက်စ်အသင်းမှာ ရှိနေစဉ်တုန်းက ကျွန်တော့်ရဲ့ ပထမဆုံး ယူရိုပါလိဂ် ဗိုလ်လုပွဲက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ အခု ဒီတစ်ကြိမ် ယူနိုက်တက်အသင်းနဲ့အတူ ဗိုလ်လုပွဲကို ပြန်လည်ရောက်ရှိလာတာက မယုံနိုင်လောက်အောင်ကို ကောင်းမွန်တဲ့ ခံစားချက်တစ်ခုပါပဲ။”

Photo Credit : France24

“ကျွန်တော်တို့ အက်သလက်တစ် ဘီလ်ဘာအိုအသင်းနဲ့ ကစားခဲ့ပြီးတဲ့နောက် ဒီဘီလ်ဘာအိုကွင်းနဲ့ ရင်းနှီးပြီးသားပါ။ အရမ်းကောင်းတဲ့ ကစားကွင်းဖြစ်ပြီး ပရိသတ်အငွေ့အသက်လည်း ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီမှာ အနိုင်ရခဲ့ဖူးတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့ အခု ပြန်သွားရတာပါ။ ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေပြီး နောက်တစ်ကြိမ် အနိုင်ရဖို့လည်း မျှော်လင့်နေပါတယ်။”

“ဒီရာသီက ကျွန်တော်တို့အားလုံးအတွက် တကယ့်ကို ခက်ခဲတဲ့ရာသီ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သင်ယူစရာတွေလည်း အများကြီး ရခဲ့ပါတယ်။ ကျွန်တော်တို့ထဲက တချို့ကစားသမားတွေဆိုရင် ဒီလိုရာသီမျိုးကို သူတို့ရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ကြုံဖူးတာ ဖြစ်နိုင်ပါတယ်။”

Photo Credit : Manchester Evening News

“အခု ကျွန်တော်တို့မှာ အရေးကြီးတဲ့ အခွင့်အရေးတစ်ခု ရောက်လာပြီ။ ဒီအခွင့်အရေးကို ကျွန်တော်တို့ အမိအရ ဆုပ်ကိုင်ရပါမယ်။ ဒီပွဲတစ်ပွဲတည်းနဲ့ ရာသီတစ်ခုလုံးကိုတော့ မကယ်တင်နိုင်ပါဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို ပျော်ရွှင်မှုတချို့ ယူဆောင်ပေးနိုင်မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ကင်မရွန်း လက်ရွေးစင် ဂိုးသမား အိုနာနာဟာ အိုင်းယက်စ်အသင်းနဲ့အတူ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့သလို အင်တာမီလန်မှာ ကစားခဲ့စဉ်ကလည်း ချန်ပီယံလိဂ် ဖိုင်နယ်မှာ မန်ချက်စတာ စီးတီးအသင်းကို ကွင်းလယ်လူ ရိုဒရီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။ ဒါ့ကြောင့် အခု သူရဲ့ တတိယမြောက် ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲမှာ အိုနာနာတစ်ယောက် ဆုဖလား ကိုင်မြှောက်နိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။