မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဆယ်ကျော်သက် လူငယ် တိုက်စစ်ကစားသမား အိုမာရီ ဖော်ဆန်ကတော့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ အီတလီ စီးရီးအေကလပ် မွန်ဇာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားတော့မယ်လို့ သိရှိရပါတယ်။

အသက် (၁၉)နှစ်အရွယ် အင်္ဂလန် ယူ-၂၀ ညာတောင်ပံကစားသမားလေး ဖော်ဆန်ဟာ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၂၀ခုနှစ်ကမှ ယူနိုက်တက် အကယ်ဒမီဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : United in Focus

ဂါနာမိဘနှစ်ပါးကနေ မွေးဖွားလာခဲ့တဲ့ ဖော်ဆန်ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီမှာပဲ ယူနိုက်တက် စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့ပြီး သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာတော့ အသင်းဖော် ကိုဘီ မိန်းနူးရဲ့ သွင်းဂိုးကို ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကလည်း အဲ့ဒီဂိုးနဲ့ ဝုလ်ဗ်အသင်းကို ကပ်ပြီး အနိုင်ရသွားခဲ့ပါတယ်။

ဒါပေမယ့် ဖော်ဆန်ဟာ မိန်းနူး ဂါနာချိုတို့လို အသင်းအတွက် ပွဲကစားခွင့်တွေ များများစားစား မရရှိခဲ့ပဲ တစ်ရာသီလုံးမှာ ပြိုငပွဲစုံ (၇)ပွဲသာ ကစားခဲ့ရတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အချိန်မှာ သက်တမ်းထပ်တိုးဖို့ ဆန္ဒမရှိတော့ပဲ အသင်းကနေ ထွက်ခွာလိုက်ဖို့ကိုသာ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။

Photo Credit : Youtube

ဖော်ဆန်လို အရည်အသွေးမြင့် ကစားသမားလေးတစ်ဦးက ယူနိုက်တက်က ထွက်ခွာပြီး ဘယ်ကလပ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်မလဲလို့ စိတ်ဝင်တစား စောင့်ကြည့်မှုတွေ ရှိခဲ့ပေမယ့် ဖော်ဆန်ကတော့ သူ့ကို ပွဲကစားခွင့်တွေ အများကြီး ပေးနိုင်မယ့် စီးရီးအေကလပ် မွန်ဇာအသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။

ဖော်ဆန်ဟာ မွန်ဇာအသင်းနဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး အေဘရာဟမ် ၊ တိုမော်ရီ ၊ စမောလင်း ၊ လော့တပ်ချိဖ်တို့လို အီတလီ စီးရီးအေမှာ လာရောက် ကစားနေတဲ့ အင်္ဂလန် ကစားသမားပါ ဖြစ်လာပါတော့မယ်။ ယူနိုက်တက် ပရိသတ်တွေကတော့ ဖော်ဆန်လို ကစားသမားလေးကို free နဲ့ လက်လွတ်လိုက်ရခြင်းကို နှမြောနေကြပြီး ဖော်ဆန်ဟာ ပေါလ် ပေါ့ဘာလိုမျိုး အသင်းက အလွတ်နဲ့ လက်လွတ်လိုက်ပြီးမှ ပြောင်းရွှေ့ကြေးများစွာနဲ့ ပြန်ခေါ်ယူရတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့လည်း မှတ်ချက်ပေးနေကြပါတယ်။