လီဗာပူးလ်အသင်းဟာ ဖရန့်ဖတ်အသင်းရဲ့ အီဂျစ် လက်ရွေးစင် တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး မိုဟာမက် ဆာလာရဲ့ လက်ရွေးစင် အသင်းဖော် မာမွတ်ရှ်အတွက် ယူရို သန်း(၅၀)ခန့် အသုံးပြုဖွယ် ရှိနေတယ်လို့လည်း ဂျာမန်သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူး မာမွတ်ရှ်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်လောက်ကတည်းက အီဂျစ်ကလပ် ဝါဒီ ဒီဂလာအသင်းကနေ ဝုလ်ဖ်ဘတ်အသင်းဆီ ရောက်ရှိလာခဲ့ရင်း စိန်ပေါ်လီနဲ့ စတုဂတ်အသင်းတွေဆီ အငှားနဲ့ သွားရောက်ကစားခဲ့ရသလို ဝုလ်ဖ်ဘတ်အတွက်လည်း (၄၈)ပွဲအထိ ကစားခဲ့ရင်း (၆)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Arhram Online

ဒီနှစ်ဘောလုံးရာသီမှာတော့ မာမွတ်ရှ်ဟာ ဖရန့်ဖတ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ တစ်ခါမှ (၅)ဂိုးနဲ့အထက် မသွင်းယူဖူးသေးတဲ့ မာမွတ်ရှ်က အခု ဖရန့်ဖတ်အတွက် ဘွန်ဒက်စ်လီဂါ (၁၈)ပွဲသာ ကစားထားရချိန် (၁၀)ဂိုးအထိက်ို သွင်းယူထားနိုင်ခဲ့ပါတယ်။

ဖရန့်ဖတ်ကလည်း အခုလို free transfer နဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေက အသင်းအတွက် အကျိုးပြုသူတွေ တော်တော်များပြီး ကိုလို မူအာနီဆိုရင်လည်း အလွတ်နဲ့ ခေါ်ယူပြီးမှ ပီအက်စ်ဂျီအသင်းဆီ ပြန်လည် ရောင်းချခဲ့ရာ ပြောင်းရွှေ့ကြေး ယူရို (၉၅)သန်းအထိတောင် ရရှိခဲ့ပါတယ်။

Photo Credit : ESPN

အခုလည်း သူတို့ရဲ့ နောက်ထပ် တိုက်စစ်ကစားသမား မာမွတ်ရှ်ကို လီဗာပူးလ် အာဆင်နယ်တို့လို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်အသင်းကြီးတွေက စိတ်ဝင်တစား ရှိနေကြပြီး မာမွတ်ရှ်ကလည်း ဖရန့်ဖတ်နဲ့ ၂၀၂၇အထိ စာချုပ်သက်တမ်း ရှိနေသလို ဒီရာသီထဲ ပြိုင်ပွဲစုံ (၁၅)ဂိုးအထိ သွင်းယူထားတာမို့ ယူရို သန်း(၅၀)လောက်အထိ တောင်းဆိုလာနိုင်ပါတယ်။

အထောင်တိုက်စစ်မှူးသာမကပဲ ဘယ်ညာ တောင်ပံနှစ်ဖက်လုံးမှာပါ ကစားနိုင်တဲ့ မာမွတ်ရှ်ဟာ အီဂျစ်အတွက်လည်း (၂၉)ပွဲအထိတောင် ပါဝင်ကစားထားနိုင်တဲ့ အတွေ့အကြုံရှိ ကစားသမား ဖြစ်တာကြောင့် လီဗာပူးလ်အသင်းက သူ့ကို အတော်လေး မျက်စိကျနေပြီး လာမယ့်နွေမှာပဲ အရ ခေါ်ယူဖွယ် ရှိနေပါတယ်။