မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့နည်းပြဟောင်း အိုလေ ဂန်နာ ဆိုးလ်ရှားက သူရဲ့ တပည့်ဟောင်းဖြစ်ခဲ့တဲ့ အာလင်း ဟာလန်းကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းထံကို အကြိမ်ကြိမ် တိုက်တွန်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် သူရဲ့ တိုက်တွန်းမှုတွေကို ယူနိုက်တက်ဘက်က ပယ်ချခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အသက် (၂၃)နှစ်အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ ၂၀၂၂ခုနှစ် နွေကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့ပြီး ချက်ချင်းဆိုသလိုပဲ မန်စီးတီးရဲ့ တိုက်စစ်မှာ ဂိုးသွင်းစက်တစ်ဦး ဖြစ်လာခဲ့ရသလို သူရဲ့ ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ (၅၂)ဂိုးအထိပါ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Football365

ဒီလို ဂိုးသွင်းအားကောင်းလှတဲ့ ဟာလန်းဟာ မန်စီးတီးအသင်းသား မဖြစ်လာခင် မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိဖို့ အကြောင်းဖန်ခဲ့ပြီး ဟာလန်းကို ခေါ်ယူဖို့လည်း ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှားက အသင်းထံ အကြံပေး တိုက်တွန်းမှုတွေ တောက်လျှောက် လုပ်ဆောင်ခဲ့ပါသေးတယ်။

“ကျွန်တော် ယူနိုက်တက်အသင်းဆီ မရောက်ခင် နွေဈေးကွက်အတွင်းမှာပဲ သူတို့အသင်းဆီ လှမ်းဆက်သွယ်ပြီး ဟာလန်းကို ခေါ်ယူဖို့ လိုအပ်တယ်လို့ အသိပေးခဲ့ပါသေးတယ်။ ဒီချာတိတ်လေးက ထိပ်တန်းအဆင့် ကစားသမား ဖြစ်လာမှာလို့။ ဒါပေမယ့် သူတို့တွေကတော့ ဟာလန်းကို မခေါ်ယူဖို့ လုံလောက်တဲ့ reports တွေရထားတယ်လို့ ဆိုပါတယ်။”

Photo Credit : Fabrizio Romano

“မိုလ်ဒီကနေ ဟာလန်းကို ဆာလ်ဇ်ဘာ့ဂ်အသင်းဆီ ရောင်းချလိုက်တုန်းကလည်း (၃) (၄)လလောက်အကြာအထိ ဟာလန်း ပွဲကစားခွင့် မရတုန်း အခုပဲ ဒီကစားသမားကို ခေါ်ယူလိုက်တော့လို့ ယူနိုက်တက်ကို ထပ်ပြီး တိုက်တွန်းခဲ့သေးတယ်။”

“အဲ့ဒီတုန်းကဆိုရင် ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း(၂၀)သာ ရှိနေတယ်။ နောက်ပြီး အဲ့ဒီ စာချုပ်လျော်ကြေးကလည်း ညှိနှိုင်းလို့ ရလိမ့်မယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ကတော့ ပယ်ချခဲ့ပါတယ်။” လို့ ဆိုးလ်ရှားက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။