မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း နည်းပြဟောင်း အိုလေဂန်နာဆိုးလ်ရှားက သူဟာ အသင်းကို မကိုင်တွယ်ခင် (၆)လ အလိုလောက်ကတည်းက အာလင်းဟာလန်းကို နော်ဝေကလပ် မိုလ်ဒီအသင်းကနေ ပေါင် (၄)သန်းတည်းနဲ့ ခေါ်ယူသွားဖို့ အကြံပေး တိုက်တွန်းခဲ့ပေမယ့် ယူနိုက်တက်ဘက်က လစ်လျူရှုခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Eurosport

နော်ဝေ နိုင်ငံသားတွေဖြစ်တဲ့ ဆိုးလ်ရှား နဲ့ ဟာလန်းတို့ဟာ မိုလ်ဒီ ကလပ်အသင်းမှာ လက်တွဲ့ခဲ့ဖူးပြီး ဟာလန်းကလည်း မိုလ်ဒီအသင်းမှာ ပွဲ (၅၀) ကစား ဂိုး (၂၀) သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို အလားအလာကောင်းတဲ့ ကစားသမားကို အသင်းဆီ ခေါ်ဆောင်ထားဖို့ ဆိုးလ်ရှားဘက်က ယူနိုက်တက်အသင်းဆီ တင်ပြခဲ့ပေမယ့်လည်း သူရဲ့တင်ပြမှုကို သေချာ နားထောင်ခဲ့ခြင်း မရှိတာ​ကြောင့် ဟာလန်းက မိုလ်ဒီကနေ ဆာလ်ဇ်ဘာ့ဂ် ၊ ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်နဲ့ နောက်ဆုံး ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : Football365

“ကျွန်တော် ယူနိုက်တက်အသင်းကို မကိုင်တွယ်ခင် (၆)လ အလိုလောက်ကတည်းက ကျွန်တော်တို့မှာ ဒီတိုက်စစ်ကစားသမားလေးကို ရရှိထားတယ်ဆိုပြီး ဖုန်းဆက် အကြောင်းကြားခဲ့ပေမယ့် သူတို့က နားမထောင်ခဲ့ပါဘူး။ ကျွန်တော် ဟာလန်းအတွက် ပေါင် (၄)သန်းဖို့ တောင်းဆိုခဲ့ပေမယ့် သူတို့က ခေါ်ယူမှု မပြုခဲ့ဘူး” လို့ ဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဘက်က နောက်ပိုင်းမှသာ ဟာလန်းရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျလာခဲ့တာကြောင့် ခေါ်ယူချင်လာခဲ့ပေမယ့် ဘယ်လိုမှကို လွယ်ကူခြင်း မရှိတော့ပဲ နောက်ဆုံးမှာတော့ ခါးသီး မြို့ခံကလပ် မန်စီးတီးကိုသာ ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : The Times

အခုဆိုရင်တော့ ဟာလန်းက သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီမှာပဲ (၃၅)ဂိုးထိ သွင်းယူရင်း ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သူအဖြစ် စံချိန်သစ် တင်ရှိနိုင်ခဲ့သလို ဘောလုံးဆောင်းပါးရှင်များက ရွေးချယ်တဲ့ FWA Footballer of the Year 2023 ဆုကို voting ရာခိုင်နှုန်း အများအပြားနဲ့ ရရှိထားခဲ့ပါတယ်။