ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ အီဂါလိုက မန်ချက်စတာ ယူနိုက်တက်ကသာ သူနဲ့ တနိုင်ငံထဲသား ဖြစ်သူ ဗစ်တာ အိုဆီမန်ကို ခေါ်ယူချင်ရင် ခေါ်ယူနိုင်အောင် ကူညီကာ စည်းရုံးပေးမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အီဂါလိုက ၂၀၂၀ခုနှစ်မှာ ရှန်ဟိုင်းရှင်ဟွာ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ၁နှစ်အငှားနဲ့ လာရောက် ကစားခဲ့ဖူးပြီး သူဟာ ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက်ကို အားပေးခဲ့တဲ့ ပရိသတ် တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက် ကစားခဲ့တဲ့ အချိန်မှာ အားကုန်ထုတ် ကြိုးစား ကစားခဲ့တာကြောင့်ပဲ အချိန်တို အတွင်းမှာ အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်ခဲ့သူပါ။

Photo Credit: Express

အီဂါလိုက မန်ချက်စတာ ယူနိုက်တက် အတွက် ၁နှစ်သာ ကစားပေးခဲ့ရပေမယ့် ကာလရှည် ကစားပေးခဲ့ရတဲ့ ကစားသမားလိုမျိုး မန်ချက်စတာ ယူနိုက်တက်ကို ချစ်မြတ်နိုးနေဆဲ ဖြစ်ပြီး ကြုံရင် ကြုံသလို အင်တာဗျူးတွေမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကြောင်းကို ထုတ်ပြောလေ့ ရှိသလို ယမန်နေ့မှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် တိုက်စစ်မှူး တဦး ဖြစ်သူ အိုဆီမန်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းအောင် စည်းရုံးပေးမယ်လို့ ပြောကြားသွားပါတယ်။

Photo Credit: Express

အီဂါလိုက – “တကယ်လို့ အိုဆီမန်ကသာ သူ့ရဲ့ အနာဂတ် အတွက် ဘာလုပ်သင့်လဲလို့ ကျွန်တော့်ကို မေးလာခဲ့ရင် ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ပဲ အကြံပေးသွားမှာပါ။ ဘာကြောင့်လဲ ဆိုတော့ မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာပေါ်မှာ အကြီးဆုံးကလပ် ဖြစ်နေလို့ပါပဲ။ အိုဆီမန်က မန်ချက်စတာ ယူနိုက်တက်နဲ့ သင့်တော်တဲ့ တိုက်စစ်မှူးလို့လည်း မြင်ပါတယ်။ သူက အခု ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းမှာ ကစားနေတဲ့ မာတီနက်ဇ်လို နှလုံးသားနဲ့ ဘောလုံးကစားတတ်တဲ့ တိုက်စစ်မှူးပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

အီဂါလိုရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် လာမယ့် နွေဈေးကွက်မှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး သူတို့အသင်းရဲ့ ပစ်မှတ် တိုက်စစ်မှူး စာရင်းထဲမှာ နာပိုလီနဲ့အတူ တောက်ပနေတဲ့ အိုဆီမန်လည်း ပါဝင်နေကာ နာပိုလီကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း အလိုရှိနေပါတယ်။