မန်ချက်စတာ စီးတီးနဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းက နော်ဝေက မော်လ်ဒိုဗာကို ၁၁-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ (၅)ဂိုးသွင်းယူခဲ့ပြီးနောက် အသင်းဖော် မာတင် အိုဒီဂတ်က သူ့နဲ့အတူ တွဲကစားရတာ အိပ်မက်တစ်ခုလိုပဲလို့ ချီးကျူးပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ဒီပွဲမှာ ပထမပိုင်းမှာတင် ဟတ်ထရစ်သွင်းယူခဲ့သလို ဖီးလစ်ချ် မိုင်ရီရဲ့ ပထမဦးဆုံးသွင်းဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နောက်ထပ် (၂)ဂိုး ထပ်မံသွင်းယူခဲ့ပြီး နောက်ဆုံးမိနစ်မှာ လူစားဝင်ကစားသမား သီလို အာ့စ်ဂါ့ဒ်အတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာစုနှစ်မှာ နော်ဝေအတွက် ပွဲတစ်ပွဲတည်းမှာ (၅)ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် သူဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့ ပွဲပေါင်း (၄၅)ပွဲမှာ သွင်းဂိုး (၄၇)ဂိုးအထိ ရှိလာခဲ့ပါပြီ။

Photo Credit : Evening Standard

ဟာလန်းဟာ နောက်ဆုံး နိုင်ငံတကာပွဲ (၈)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး (၁၄)ဂိုးအထိ သွင်းယူပေးထားလို့ နော်ဝေအသင်းဟာ အုပ်စု (I) မှာ အီတလီအထက် (၆)မှတ်အသာနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ဟာလန်းဟာ ၁၉၇၇ ခုနှစ်က သြစတြီးယားအတွက် (၆)ဂိုး သွင်းခဲ့တဲ့ ဟန်းစ် ခရန့်ကယ်လ်နောက်ပိုင်း ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ခုတည်းမှာ (၅)ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ဥရောပကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ဟာလန်းရဲ့သွင်းဂိုး (၂)ဂိုးကို ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်လည်း (၁)ဂိုးသွင်းယူခဲ့တဲ့ အိုဒီဂတ်ကတော့ ဟာလန်းလို ကစားသမားမျိုးကို အသင်းမှာ ထားရှိရတာဟာ ဘာနဲ့မှ မလဲနိုင်တဲ့ ခံစားချက်ဖြစ်တယ်လို့ ပြောပါတယ်။အိုဒီဂတ်က “သူနဲ့အတူ တွဲကစားရတာ အိပ်မက်တစ်ခုလိုပါပဲ။ သူဟာ အပြေးလမ်းကြောင်းတွေကို အကောင်းဆုံး အချိန်ကိုက်ပြေးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ဘောလုံးကို ပေးလိုက်ရုံပါပဲ။ ဘောလုံးက သူ့ဆီကို ရောက်သွားတဲ့အခါ အများအားဖြင့် ဂိုးပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : The Sun

ဒီနိုင်ပွဲကြောင့် နော်ဝေအသင်းဟာ ၁၉၄၆ ခုနှစ်က ဖင်လန်ကို ၁၂-၀ ဂိုးနဲ့၊ ၁၉၄၈ ခုနှစ်က အမေရိကန်ကို ၁၁-၁ ဂိုးနဲ့ နိုင်ခဲ့ပြီးနောက် သမိုင်းမှာ တတိယအကြိမ်မြောက် ပွဲတစ်ပွဲတည်းမှာ (၁၁)ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အိုဒီဂတ်နဲ့ ဟာလန်းတို့ရဲ့ စွမ်းဆောင်ရည်တွေကို အားကျနေရတဲ့ ကွင်းလယ်လူ ဆန်ဒါ ဘာ့ဂ်က ဒီနှစ်ဦးဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေထဲက နှစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“သူတို့နှစ်ယောက်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက နှစ်ယောက်ပါ။ သူတို့က ပရီးမီးယားလိဂ်မှာလည်း ဒီလိုခြေစွမ်းမျိုး ပြနေတာကြောင့် ကစားကွင်းမှာ နေရာလွတ်တွေ ရတဲ့အခါ ဒီလိုမျိုးလုပ်နိုင်မယ်လို့ မျှော်လင့်ထားပြီးသားပါပဲ။ သူတို့သွင်းတဲ့ ဂိုးတချို့ကတော့ တကယ်ကို ရူးလောက်စရာပါပဲ။ ဒါပေမဲ့ သူတို့က အဲဒီအဆင့်မှာ ရှိနေတာကိုး။ ဒါကြောင့် ခင်ဗျားအနေနဲ့ ပျော်ရွှင်ပြီး ကြည့်နေဖို့ပဲ လိုပါတယ်။ ဒါဟာ ဒီ ဘရိုင်းနားနဲ့ ဟာလန်းကို ကြည့်ရသလိုပါပဲ။” လို့လည်း ဘာ့ဂ်က မှတ်ချက်ပေးခဲ့ပါတယ်။