ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ မာတင် အိုဒီဂတ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ စပို့တင်း လစ္စဘွန်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့အသင်းဟာ အကောင်းဆုံးပုံစံနဲ့ ပြန်လာမယ်လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အုပ်စုဗိုလ် ရခဲ့တဲ့ အာဆင်နယ်က ၁၆သင်း ရှုံးထွက်အဆင့် ကနေ စတင် ယှဉ်ပြိုင်ရတာ ဖြစ်ပြီး အာဆင်နယ်က ၁၆သင်း ရှုံးထွက်အဆင့်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ဆင်းလာတဲ့ စပို့တင်း လစ္စဘွန်းနဲ့ ရင်ဆိုင်ခဲ့ရကာ ပထမအကျော့ အဖြစ် စပို့တင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားခဲ့ရာ ၂-၂ ဆိုတဲ့ သရေရလဒ် ထွက်အောင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

ဒါကြောင့် အာဆင်နယ်က ဒုတိယအကျော့ အဖြစ် အိမ်ကွင်း အမ်းမရိတ်မှာ စပို့တင်းကို ဧည့်ခံ ကစားခဲ့ရတဲ့ ပွဲစဉ်မှာသာ အနိုင်ရလဒ် ရခဲ့ရင် နောက်တဆင့်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် အိမ်ကွင်း အားသာချက်ကို အသုံးမချနိုင်ခဲ့ပဲ သာမန် ပွဲကစားချိန် အတွင်းမှာ ၁-၁ သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာလည်း နှစ်သင်းစလုံးက ဂိုးထပ်မသွင်းတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ စပို့တင်း လစ္စဘွန်းဘက်က ကစားသမား ၅ဦးစလုံး ပင်နယ်တီ ဝင်အောင် ကန်သွင်းနိုင်ခဲ့ကြပြီး အာဆင်နယ်ရဲ့ ကြယ်ပွင့် ကစားသမား မာတီနယ်လီရဲ့ ပင်နယ်တီ ကန်သွင်းချက်ကို စပို့တင်းဂိုးသမား အဒမ်က ကာကွယ်နိုင်ခဲ့တာကြောင့် စပို့တင်းဟာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အာဆင်နယ်ကို အနိုင်ရကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

ပင်နယ်တီ အဆုံးအဖြတ်နဲ့ စပို့တင်းကို ရှုံးနိမ့်ကာ ယူရိုပါလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီးနောက် အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်က သူတို့အသင်းဟာ ရှုံးပွဲကနေ အမြန်ဆုံး နိုးထဖို့ လိုအပ်ကြောင်းနဲ့ အကောင်းဆုံး ပုံစံတခုနဲ့ ပြန်လာမယ်လို့ ဆိုလာပါတယ်။

အိုဒီဂတ်က – “ကျွန်တော်တို့က တချို့ အချိန်တွေမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် ရှိသင့်တဲ့ ခြေစွမ်း ၊ ကစားပုံမျိုးနဲ့ မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က ပွဲချိန် တချို့မှာ ကစားပုံကောင်းခဲ့ပေမယ့် တပွဲလုံး ခြုံကြည့်ရင် ခြေစွမ်းပိုင်းက အားရစရာ မရှိပါဘူး။ ကျွန်တော်တို့က အကောင်းဆုံးခြေစွမ်းကို မရခဲ့ပါဘူး။ ပင်နယ်တီ အဆုံးအဖြတ်ကတော့ ဘာမဆို ဖြစ်သွားနိုင်တဲ့ အရာတခုပါ။ စပို့တင်းက အသင်းကောင်း တသင်း ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့က သူတို့ရဲ့ အရည်အသွေးတွေကို သိတာကြောင့် ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ရှုံးပွဲက ကျွန်တော်တို့တွေ ညံ့လို့ ရှုံးခဲ့ရတဲ့ ရှုံးပွဲလို့ပဲ မြင်ပါတယ်။ ကျွန်တော်တို့က ပုံမှန် ကစားနေကြအတိုင်း မကစားနိုင်ခဲ့ပါဘူး။ ပြီးတော့ အရင်ပွဲတွေလို ခွန်အားတွေလည်း မရှိဘူး။ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့ စိတ်ပျက်မိပေမယ့် ကျွန်တော်တို့က တနင်္ဂနွေနေ့မှာ ကစားရမယ့် ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့က တနင်္ဂနွေနေ့မှာ ကစားမယ့် ပွဲစဉ်ကို အာရုံစိုက်သွားမယ်။ ပြီးတော့ အကောင်းဆုံးပုံစံနဲ့ ပြန်လာမယ်။ လိဂ်ပြိုင်ပွဲမှာ လိုချင်တဲ့ နေရာနဲ့ အဆုံးသတ်နိုင်အောင် ကြိုးစားမယ်။ ဒါကပဲ ကျွန်တော်တို့တွေ အခုချိန်မှာ လုပ်လို့ ရတဲ့ တခုထဲသော အရာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။