အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမားသစ် မာတင် ဇူဘီမန်ဒီကို အထူးတလည် ချီးကျူးပြောဆိုလိုက်ပါတယ်။ ဇူဘီမန်ဒီဟာ ရာသီကြိုခြေစမ်းပွဲတွေမှာရော မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာပါ သူ့ရဲ့အရည်အသွေးကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့် အိုဒီဂတ်က အခုလို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ နော်ဝေသားက စပိန်ကွင်းလယ်လူဟာ အင်္ဂလန်ဘောလုံးလောကနဲ့ အသားကျသွားတာနဲ့အမျှ အသင်းကို ကစားဟန်အသစ်တစ်ခု ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ရီကာဒို ကာလာဖီယိုရီရဲ့ ပွဲအစောပိုင်း ခေါင်းတိုက်ဂိုးနဲ့ မန်ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ တစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ခဲ့တဲ့ ဇူဘီမန်ဒီဟာ ပွဲအစပိုင်းမှာ ယူနိုက်တက်ရဲ့ ဖိအားပေးကစားမှုကြောင့် အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ပွဲကြာလာတာနဲ့အမျှ ခြေစွမ်းတက်လာခဲ့ပါတယ်။ ခက်ခဲတဲ့အဖွင့်ပွဲ ဖြစ်ခဲ့ပေမယ့် စပိန်သားရဲ့ အရည်အသွေးကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပြီး အိုဒီဂတ်က သူ့ရဲ့အားသာချက်တွေကို အခုလိုပဲ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Photo Credit : Online Gooner

‘Men In Blazers’ ပေါ့ဒ်ကတ်စ် အစီအစဉ်မှာ အိုဒီဂတ်က “ဟုတ်ပါတယ်၊ သူ (ဇူဘီမန်ဒီ) က ရာသီကြိုမှာ အရမ်းကောင်းခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် သူနဲ့ စပိန်မှာ အရင်ကတည်းက နည်းနည်းပါးပါး တွဲကစားဖူးတော့ သူ့အရည်အသွေးတွေကို သိပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ၊ ဘယ်လို ဘောလုံးပေးပို့မှုမျိုးကိုမဆို လုပ်နိုင်တယ်။ ပြိုင်ဘက်ရဲ့ ခံစစ်လိုင်းတွေကို ထိုးဖောက်နိုင်တယ်။ ဘောလုံးနဲ့အတူ ပြေးဆွဲနိုင်တယ်”

“သူက အရမ်းလည်း ဉာဏ်ကောင်းတယ်။ ဘောလုံး ဘယ်ကိုကျလာမလဲဆိုတာကို ကြိုဖတ်နိုင်တယ်။ ဒုတိယအခွင့်အရေးဘောလုံးတွေကိုလည်း အများကြီး ရယူနိုင်တယ်။ သူက ပွဲကို တကယ်ထိန်းချုပ်ကစားနိုင်ပါတယ်။ ဒါက ကျွန်တော်တို့အသင်းကို ကစားဟန်အသစ်တစ်ခု ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် သူ့အတွက် စိတ်လှုပ်ရှားမိပါတယ်။” လို့ ချီးကျူးခဲ့ပါတယ်။

Photo Credit : Evening Standard

ဇူဘီမန်ဒီဟာ ရီးရဲလ် ဆိုစီဒက်အသင်းမှာ ခြေစွမ်းပြသခဲ့ပြီး စပိန်လက်ရွေးစင်အသင်းမှာလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် မျှော်လင့်ချက်ကြီးစွာနဲ့ အာဆင်နယ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ နည်းပြ မီခေးလ် အာတီတာဟာ ချန်ပီယံဆုအတွက် နောက်တစ်ကြိမ် စိန်ခေါ်နိုင်ဖို့ ကွင်းလယ်ပိုင်းမှာ လူအင်အားတောင့်တင်းအောင် ဇူဘီမန်ဒီကို တန်ဖိုးကြီးပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာပါ။

အာဆင်နယ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ခက်ခဲတဲ့စမ်းသပ်မှုတစ်ခုကို ထပ်မံရင်ဆိုင်ရမှာဖြစ်ပြီး ဇူဘီမန်ဒီတစ်ယောက် ထပ်မံပါဝင်လာဖွယ် ရှိနေပါတယ်။ အာတီတာအနေနဲ့ ဒက်ကလန် ရိုက်စ်နဲ့ ဇူဘီမန်ဒီတို့ရဲ့ ကွင်းလယ်အတွဲအဖက်ကို ဟန်ချက်ညီအောင် ဖန်တီးပြီး ကစားသမားနှစ်ဦးလုံးရဲ့ အားသာချက်တွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ မျှော်လင့်နေပါတယ်။ တကယ်လို့ ဇူဘီမန်ဒီသာ အသင်းနဲ့ ဆက်လက်အသားကျလာခဲ့မယ်ဆိုရင် အာဆင်နယ်ရဲ့ ချန်ပီယံဆုစိန်ခေါ်မှုမှာ အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။