ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ နူနက်ဇ်က လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အပိုင်ဂိုးသွင်းခွင့် ဖြုန်းတီးမှု အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နေကြောင်း ပရီးမီးယားလိဂ် တရားဝင် ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၃နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ယခုနှစ် ဘောလုံးရာသီ အစကမှ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာ ကနေ လီဗာပူးထံ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၈၀သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ လီဗာပူးနဲ့ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ်လည်း ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ဒါဝင် နူနက်ဇ်က လီဗာပူးရဲ့ တိုက်စစ်မြှားဦးမှာ ကစားခွင့် ရနေသူ ဖြစ်ပြီး သူ့ရဲ့ အတိုးအလှုပ်တွေ ၊ ပြိုင်ဘက် ခံစစ်မှူးတွေကို ဆွဲခေါ်ထားပေးမှုတွေကြောင့် အသင်းဖော်တွေ အတွက် နေရာလွတ် အများအပြား ဖန်တီးပေးထားနိုင်ပေမယ့် သူကိုယ်တိုင်ကတော့ ရလာတဲ့ ဂိုးသွင်းခွင့်တွေကို အသုံးချရာမှာ အတော်လေးကို အားနည်းနေပါတယ်။

ဒါကြောင့်လည်း ဒါဝင် နူနက်ဇ်က ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုးသာ သွင်းယူထားနိုင်တာ ဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းနှုန်းဟာ သူ ရရှိခဲ့တဲ့ ဂိုးသွင်းခွင့်တွေနဲ့ ချိန်ဆကြည့်ရင် အတော်လေးကို နည်းပါးနေခဲ့ပါတယ်။

Photo Credit: Goal

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်တွေ အရ ဒါဝင် နူနက်ဇ်က ယခုနှစ် ပရီးမီးယားလိဂ် ရာသီမှာ အပိုင်ဂိုးသွင်းခွင့် (Big Chance) ၁၅ကြိမ် အထိ လွဲချော်ထားတာကြောင့် အပိုင်ဂိုးသွင်းခွင့် ဖြုန်းတီးမှု အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နေသလို သူ့ရဲ့ ကန်သွင်းချက်တွေကို သွင်းဂိုး အဖြစ် ပြောင်းလဲနိုင်စွမ်းကလည်း ၆.၄ ရာခိုင်နှုန်းသာ ရှိတာကြောင့် ပရီးမီးယားလိဂ်ရဲ့ အဆုံးသတ် အညံ့ဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ်ပါ သတ်မှတ်ခံထားရကြောင်း သိရပါတယ်။

ဒါဝင် နူနက်ဇ်ရဲ့ အနောက်မှာတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး တိုနေး(၁၂ကြိမ်)နဲ့ သူ့ရဲ့ လီဗာပူး အသင်းဖော် တိုက်စစ်မှူး ဆာလာ(၁၂ကြိမ်)တို့က အပိုင်ဂိုးသွင်းခွင့် အဖြုန်းတီးဆုံး ကစားသမားတွေ အဖြစ် ရပ်တည်နေခဲ့ပြီး တိုနေးရဲ့ ကန်ချက်တွေကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်းဟာ ၁၈.၂ ရာခိုင်နှုန်း အထိ ရှိကာ ဆာလာရဲ့ ကန်ချက်တွေကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်းကတော့ ၈.၆ ရာခိုင်နှုန်း ရှိနေပါတယ်။