ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၄-၁ ချယ်လ်ဆီး ပွဲစဉ်မှာ ဂိုးတိုင်ကို ၄ကြိမ် အထိ မှန်အောင် ကန်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် တပွဲထဲမှာ တိုင်အထိနိုင်ဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ယူစရာ မှတ်တမ်းကောင်း တရပ်ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၂၄နှစ် အရွယ် ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ဒီရာသီမှာ မိုဟာမက် ဆာလာ ၊ ဂျိုတာ စတဲ့ တိုက်စစ်မှူးတွေနဲ့ အပြိုင် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဖြစ်ပြီး သူက လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိထားပါတယ်။

Photo Credit: Standard

ဒါကြောင့်လည်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးနဲ့ ချယ်လ်ဆီးတို့ ပွဲစဉ်မှာ နူနက်ဇ်က ဂျိုတာ ၊ ဒီယက်ဇ် စတဲ့ တိုက်စစ်မှူးတွေနဲ့ တွဲဖက်ကာ လီဗာပူးရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့သလို သူ့ရဲ့ တိုးအား ၊ ရုန်းအားတွေနဲ့ ချယ်လ်ဆီးရဲ့ ခံစစ်ကို အလုပ်ရှုပ်စေကာ အသင်းဖော်တွေ အတွက် နေရာလွတ်တွေ အများကြီး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

လီဗာပူး ၄-၁ ချယ်လ်ဆီး ပွဲစဉ်မှာ နူနက်ဇ်က ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၄၅+၂မိနစ်မှာ ကန်ခွင့်ရခဲ့တဲ့ ပင်နယ်တီကို တိုင်ထိအောင် ကန်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှု ၁၀ကြိမ် လုပ်ခဲ့ရာမှာလည်း တိုင် ၃ကြိမ် ထပ်ထိခဲ့ပါတယ်။

Photo Credit: Anfield Watch

ဒါဝင် နူနက်ဇ်က လီဗာပူး ၄-၁ ချယ်လ်ဆီး ပွဲစဉ်အတွင်းမှာ တိုင်ထိကန်ချက် ၄ကြိမ် အထိ ရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် တပွဲထဲမှာ တိုင်အထိနိုင်ဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို တဦးထဲ လွတ်လွတ်ကျွတ်ကျွတ် ရယူသွားနိုင်ခဲ့ပါတယ်။

နူနက်ဇ် မတိုင်ခင်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် တပွဲထဲမှာ တိုင်အထိနိုင်ဆုံး ကစာသမားတွေ အဖြစ် ရိုနယ်ဒို (မန်ချက်စတာ ယူနိုက်တက်) ၊ တီမိုဗာနာ (ချယ်လ်ဆီး) ၊ ဂျေ ဂျေ အိုကိုချာ (ဘော်လ်တန်)နဲ့ ထရော့ဆက် (ဘရိုက်တန်) တို့က ၃ကြိမ်စီနဲ့ ပူးတွဲ ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။