ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က လီဗာပူးအသင်းဖော် မက် အယ်လစ္စတာနဲ့ အတူ လုပ်ခဲ့ရတဲ့ အင်တာဗျူး တခုမှာ လီဗာပူးက ချန်ပီယံလိဂ်ဖလား ဘယ်နှလုံးရထားသလဲ ဆိုတဲ့ မေးခွန်းကို လွဲမှားအောင် ဖြေမိခဲ့တာကြောင့် ပရိသတ်တွေရဲ့ စနောက်ခြင်းကို ခံနေရကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘင်ဖီကာ ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး လီဗာပူးနဲ့ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Sky Sports

ဒါဝင် နူနက်ဇ်က လီဗာပူးထံ ရောက်ရှိပြီးနောက် ချန်ပီယံလိဂ်ပွဲ ၈ပွဲ အပါအဝင် ပြိုင်ပွဲစုံမှာ ၅၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၂ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါဝင် နူနက်ဇ်က လီဗာပူးအတွက် ချန်ပီယံလိဂ်ပွဲတွေ ကစားပေးခဲ့သလို လီဗာပူးရဲ့ ဆုဖလားပြခန်းမှာလည်း ဓာတ်ပုံတွေ အကြိမ်ကြိမ် ရိုက်ခဲ့ပေမယ့် လီဗာပူးအသင်း ဆွတ်ခူးထားတဲ့ ချန်ပီယံလိဂ်ဆုဖလား အရေအတွက်ကို အတိအကျ မသိခဲ့ပါဘူး။

Photo Credit: Goal

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်တာဗျူးသူက ဒါဝင် နူနက်ဇ်ကို လီဗာပူးအသင်း ရခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလား အရေအတွက်ဟာ ဘယ်လောက်လဲလို့ မေးမြန်းခဲ့ချိန်မှာ ဒါဝင် နူနက်ဇ်က ယုံကြည်မှုရှိရှိနဲ့ လက် ၃ချောင်း ထောင်ပြကာ ၃လုံးလို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

တကယ်တမ်းမှာ လီဗာပူးက သူတို့အသင်းရဲ့ သမိုင်းတလျှောက် ချန်ပီယံလိဂ်ဆုဖလားကို ၆ကြိမ် အထိ ဆွတ်ခူးထားနိုင်ပြီး အင်္ဂလန်နိုင်ငံမှာ ချန်ပီယံလိဂ်ဆုဖလား အများဆုံး ပိုင်ဆိုင်ထားတဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ထားပါတယ်။