ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၄-၁ ချယ်လ်ဆီး ပွဲစဉ်မှာ ခြေထောက်ဒဏ်ရာ ရခဲ့တာကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်နဲ့ ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေကြောင်း သိရှိရပါတယ်။

အသက် ၂၄နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ဒီရာသီမှာ လီဗာပူးရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပြီး သူက လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိထားပါတယ်။

Photo Credit: Caught Offside

လီဗာပူး ၄-၁ ချယ်လ်ဆီး ပွဲစဉ်မှာလည်း ဒါဝင် နူနက်ဇ်က ပင်နယ်တီ ၁ကြိမ် လွဲခဲ့သလို အပိုင်ဂိုးသွင်းခွင့် တချို့ကို အသုံးမချနိုင်ခဲ့ပေမယ့် အသင်းဖော် လူးဝစ် ဒီယက်ဇ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို သူ့ရဲ့ ပြေးအား ၊ တိုးအားတွေနဲ့ ပြိုင်ဘက်ရဲ့ ခံစစ်ကြောင်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။

ဒါကြောင့်ပဲ အဓိက တိုက်စစ်မှူး ဆာလာ တယောက် ဒဏ်ရာရနေချိန်မှာ လီဗာပူးရဲ့ ပရိသတ်တွေက ပရီးမီးယားလိဂ် ဆုဖလား အတွက် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ဘက် အာဆင်နယ်နဲ့ ကစားရမယ့် အရေးကြီးပွဲစဉ်မှာ ဒါဝင် နူနက်ဇ်ကို ပွဲထွက် တိုက်စစ်မှူး အဖြစ် မြင်တွေ့ချင်နေကြပါတယ်။

Photo Credit: Anfield Watch

ဒါပေမယ့် ဒါဝင် နူနက်ဇ်က ချယ်လ်ဆီးနဲ့ ပွဲမှာ ရခဲ့တဲ့ ခြေထောက်ဒဏ်ရာကြောင့် လေ့ကျင့်ခန်းတွေ မဆင်းနိုင်သေးသလို တနင်္ဂနွေနေ့မှာ ကစားရမယ့် အာဆင်နယ်နဲ့ ပွဲကိုလည်း လွဲချော်ဖို့ ရာခိုင်နှုန်း များနေပါတယ်။

နူနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး လီဗာပူးနည်းပြချုပ် ကလော့ပ်က အခုလိုပဲ ထုတ်ပြောလာပါတယ်။ ကလော့ပ်က – “ဒါဝင်ဟာ ချယ်လ်ဆီးနဲ့ ပွဲအပြီးမှာ ဘောလုံးကန်ဖိနပ် မဟုတ်တဲ့ ဖိနပ်တခုကို စီးပြီး အိမ်ပြန်ခဲ့ရပါတယ်။ သူ့ရဲ့ခြေထောက်မှာ ကျိုးကြေဒဏ်ရာတွေ ရထားတာတော့ မဟုတ်ပါဘူး။ X-Rays ရိုက်ကြည့်တဲ့ ရလဒ်ကလည်း အခြေအနေ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လာမယ့် တနင်္ဂနွေနေ့မှာ ဒါဝင် တယောက် ဘောလုံးကန်ဖိနပ်ကို စီးနိုင်မလား ဆိုတာ စောင့်ကြည့်ရမယ့် အနေအထားပါ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။