ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား မာသီးယပ်စ် နူးနက်စ်က သူ့ကို အလိုရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းဆီ ပြောင်းရွှေ့ ကစားချင်ကြောင်း ဝုလ်ဗ်အသင်းဘက်ထံ အသိပေး ပြောဆိုထားတယ်လို့ သိရှိရပါတယ်။
ကီဗင် ဒီဘရိုင်းနားရဲ့ ဒဏ်ရာပြဿနာကြောင့်ကွင်းလယ်လူ တစ်ဦးလောက် ထပ်မံ ခေါ်ယူဖို့ လိုအပ်လာခဲ့တဲ့ မန်စီးတီးအသင်းဟာ ပဲလေ့စ် ကွင်းလယ်လူ အက်ဇီ နဲ့ ဝုလ်ဗ် ကွင်းလယ်လူ နူးနက်စ်တို့ကို ပစ်မှတ်ထားလာရင်း နူးနက်စ်ကို ယူရို (၅၅)သန်းနဲ့ ကမ်းလှမ်းမှု စတင် လုပ်ဆောင်ခဲ့ရာ ဝုလ်ဗ်ဘက်က ပယ်ချခဲ့ပါတယ်။
Photo Credit : Goal
မန်စီးတီးက ဒီစျေးကွက်ထဲမှာ ကွင်းလယ်လူ ဂွန်ဒိုဂန်ကို အလွတ်နဲ့ လက်လွတ်ထားခဲ့ရပြီး လက်ရှိမှာလည်း ဒီဘရိုင်းနားက (၅)လလောက်အထိ အနားယူရနိုင်တာကြောင့် မက်တီအို ကိုဗာဆစ်အပြင် နောက်ထပ် ကွင်းလယ်လူသစ် တစ်ဦးကိုပါ ထပ်မံ လိုအပ်လာခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေကြောင့် မန်စီးတီးက စပို့တင်း လစ္စဘွန်း ကစားသမားဟောင်း နူးနက်စ်ကို တရားဝင် ကနဦး ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း ဝုလ်ဗ်ဘက်က ပယ်ချခဲ့လို့ စီးတီးအနေနဲ့ နူးနက်စ်အတွက် ပြောင်းရွှေ့ကြေး ထပ်တိုးပြီး ကမ်းလှမ်းသွားဖို့ ရှိနေသလို ဝုလ်ဗ်ဘက်က အလိုရှိနေတဲ့ တွမ်မီ ဒွိုင်းလ်ကိုပါ အလိုက်ပေးသွားဖွယ်လည်း ရှိနေပါတယ်။
Photo Credit : The Independent
လက်ရှိမှာတော့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ နူးနက်စ်က မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားသလို ဒီစျေးကွက်ထဲမှာလည်း မန်စီးတီးဆီ ပြောင်းရွှေ့ချင်ကြောင်း ဝုလ်ဗ်အသင်းထံ ရှင်းရှင်းလင်းလင်း အသိပေးထားခဲ့ပါသေးတယ်။
မန်စီးတီးက ဒီနွေမှာ ကွင်းလယ်လူ ကိုဗာဆစ် ၊ နောက်ခံလူ ဂဗာဒီယိုလ် နဲ့ တောင်ပံ ကစားသမား ဒိုကူတို့ကို ခေါ်ယူထားခဲ့ပြီး စျေးကွက်မပိတ်သိမ်းခင်မှာ ကွင်းလယ်ပိုင်းအတွက် မာသီးယပ်စ် နူးနက်စ်ကို အရ ခေါ်ယူသွားဖွယ် ရှိနိုင်ပါတယ်။