ချယ်လ်ဆီးအသင်းရဲ့ ဘယ်တောင်ပံ ကစားသမား ဟတ်ဆန် အိုဒွိုင်းဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်း နော်တင်ဟမ် ဖောရက်စ်ဆီ ပြောင်းရွှေ့သွားဖို့ နီးစပ်လျက် ရှိနေပြီလို့ ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ တောင်ပံ ကစားသမား အိုဒွိုင်းက ချယ်လ်ဆီးအသင်းမှာ ပုံမှန် ပွဲကစားခွင့်တွေ ရရှိဖို့ ရုန်းကန်နေရပြီး မနှစ်ကလည်း လေဗာကူဆင်အသင်းဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။

Photo Credit : Eurosport

အိုဒွိုင်းက ဒီနွေမှာ ချယ်လ်ဆီးကနေ ဖူလ်ဟမ်အသင်းဆီ ပြောင်းရွှေ့ဖို့ လုပ်ဆောင်ထားခဲ့ပေမယ့်လည်း အပြောင်းအရွှေ့က ဖြစ်ပေါ်လာခြင်း မရှိပဲ ချယ်လ်ဆီးမှာသာ သောင်တင်နေချိန် လက်ရှိမှာတော့ နော်တင်ဟမ်အသင်းဆီ ပြောင်းရွှေ့ရတော့မှာ ဖြစ်ပါတယ်။

နော်တင်ဟမ်က အိုဒွိုင်းကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေရာ လက်ရှိမှာတော့ ဆွေးနွေးမှုက နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ကလည်း နီးစပ်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

နော်တင်ဟမ်အသင်းက မနှစ်ကမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်ထားခဲ့တဲ့ ကလပ်အသင်းဖြစ်ပြီး ကစားသမားသစ်တွေကို တစ်သင်းစာလောက် ခေါ်ယူတက်တဲ့ အသင်းအဖြစ်နဲ့လည်း လူသိများပါတယ်။

ဒီနွေမှာလည်း နော်တင်ဟမ်က ကစားသမားသစ် (၆)ယောက်အထိ ခေါ်ယူအားဖြည့်ထားပြီး ချယ်လ်ဆီးက လူငယ် ကွင်းလယ်လူ အန်ဒရေ ဆန်းတို့စ်ကိုလည်း တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားသလို အခုလည်း အိုဒွိုင်းကိုပါ ထပ်မံ ခေါ်ယူဖို့ အလားအလာကောင်းနေပါတယ်။ ဒါ့အပြင် နော်တင်ဟမ်ဟာ ချယ်လ်ဆီး ကစားသမားဟောင်း ဘတ်ရှုအာယီကိုလည်း ခေါ်ယူဖို့လည်း နီးစပ်နေပြီး ဈေးကွက်မပိတ်ခင် ကစားသမားသစ် အနည်းငယ်လောက် ခေါ်ယူဖို့ ရှိနေပါတယ်။