လာလီဂါကလပ် ရီးယဲလ် ဆိုစီဒက်အသင်းဟာ မနေ့က ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့အဆင့်မှာ ဒိန်းမတ်ကလပ် မစ်ဂျီလန်းအသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ရှုံးထွက် (၁၆)သင်းအဆင့်ဆီ တက်လှမ်းခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ဒါမှမဟုတ် တော့တင်ဟမ် ဟော့စပါး တစ်သင်းသင်းနဲ့ တွေ့ဆုံရတော့မှာပဲ ဖြစ်ပါတယ်။
ပထမအကျော့ ဒိန်းမတ်မြေမှာ ကစားတုန်းက (၁)ဂိုး (၂)ဂိုးနဲ့ ကပ်နိုင်ထားတဲ့ ဆိုစီဒက်ဟာ ဒုကျော့ စပိန်မြေမှာ ကစားချိန်မှာလည်း (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားရင်းကနေ ချေပဂိုး (၂)ဂိုး ခွင့်ပြုလိုက်ရာ နောက်ပိုင်းမှ ဂိုးတွေ ဆက်တိုက် ပြန်သွင်းရင်း နှစ်ကျော့ပိုင်းရလဒ် (၇)ဂိုး (၃)ဂိုးနဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။
Photo Credit : Media Indonesia
ဒီလို ကျော်ဖြတ်လာခဲ့တဲ့ ဆိုစီဒက်က ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်မှာတော့ မန်ယူနိုက်တက် သို့မဟုတ် စပါးအသင်းတို့ထဲက တစ်သင်းသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရမယ့် အခြေအနေမှာ ရှိနေရပြီး နှစ်သင်းလုံးက ဆိုစီဒက်အတွက် ခက်ခဲနိုင်ပေမယ့်လည်း ဆိုစီဒက် ကွင်းလယ်လူ ဘရာယိစ် မန်ဒက်စ်က ပြောဆိုလာပါတယ်။
“ကျွန်တော်တို့ ရည်မှန်းချက် ပြည့်မြောက်သွားပါပြီ။ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် မကြာခင်မှာ ကျွန်တော်တို့ သိလိုက်ရပါတယ်။ ပထမပိုင်းရဲ့ နောက်ဆုံးမိနစ်တွေမှာ ကျွန်တော်တို့ အနည်းငယ် ပေါ့လျော့သွားပါတယ်။ နောက်တစ်ခါ အဲဒီလို မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ တုံ့ပြန်နိုင်ခဲ့ပါတယ်။”
Photo Credit : Transfermarket
“အလွန်အကျွံ ယုံကြည်မှုလွန်သွားတာလား။ ပေါ့လျော့သွားတာလားဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ ကစားသမားအများကြီးနဲ့ ရှေ့ကို တက်လာကြပါတယ်။ ကျွန်တော်တို့က ပြန်ကစားချင်ပြီး အမှားတွေ ရှိခဲ့ပါတယ်။ ဒုတိယဂိုးလိုမျိုးပေါ့။ ဒါ ကျွန်တော့်ရဲ့ အမှားပါ။ နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ ကစားရမယ်ဆိုတာ ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။”
“သူတို့နှစ်သင်းစလုံးဟာ နာမည်နဲ့တင် မယုံနိုင်လောက်အောင် ကောင်းပါတယ်။ အသင်းက အဆင့်တော်တော်များများကို တက်လှမ်းချင်တယ်ဆိုရင် အကောင်းဆုံးအသင်းတွေကို အနိုင်ရယူဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ ဘယ်အသင်းကိုမှ မကြောက်ပါဘူး။ ကျွန်တော်တို့မှာ ယုံကြည်မှု အပြည့်ရှိပါတယ်။” လို့ မန်ဒက်စ်က ဆိုလိုက်ပါတယ်။