ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ တန်ကြေးမြင့် တိုက်စစ်မှူး အန်ကွန်ကူက ဒဏ်ရာကနေ ပြန်မသက်သာသေးတာကြောင့် ချယ်လ်ဆီးနဲ့ မစ်ဒယ်ဘရော့တို့ရဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ထပ်မံ လွဲချော်ဦးမယ်လို့ သိရှိရပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူက ယခုနှစ် ဘောလုံးရာသီ အစကမှ လိုက်ပ်ဇစ် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂၀၂၉ခုနှစ် အထိ သက်တမ်းရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးက အန်ကွန်ကူကို အားကိုးတကြီးနဲ့ ခေါ်ယူခဲ့ပေမယ့် အန်ကွန်ကူဟာ ဒီရာသီမှာ ဒဏ်ရာတွေ တောက်လျှောက် ရနေခဲ့ပြီး ဒူးဒဏ်ရာကြောင့် ၃လကျော် အနားယူခဲ့ရသလို ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝဖို့ အတွက် ၁လခွဲနီးပါး အချိန်ယူခဲ့ပါတယ်။

ဒါကြောင့် အန်ကွန်ကူက ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၁-၁ နယူးကာဆယ် ပွဲစဉ်မှသာ သူ့ရဲ့ ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက်ကို ကစားခွင့် ရခဲ့ပါတယ်။ အန်ကွန်ကူက ချယ်လ်ဆီးအတွက် ၁၅၁မိနစ် ကစားပေးခဲ့ချိန်မှာ သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေက သူ့ကို အားကိုးရတော့မယ်လို့ ထင်ခဲ့ကြပေမယ့် ဇန်နဝါရီလ အစမှာပဲ တင်ပါးဒဏ်ရာကို ထပ်ရခဲ့ပါတယ်။

လက်ရှိမှာတော့ အန်ကွန်ကူက တင်ပါးဒဏ်ရာကြောင့် ၁လနီးပါး အနားယူနေရပြီး ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကတော့ အန်ကွန်ကူဟာ ဒဏ်ရာကနေ ပြန်လည် မသက်သာလာသေးတာကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးနဲ့ မစ်ဒယ်ဘရော့တို့ရဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကို ထပ်လွဲဦးမယ်လို့ ဆိုလာပါတယ်။

Photo Credit: Football London

ပိုချက်တီနိုက – “အန်ကွန်ကူဟာ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ပါဝင်ဖို့ အခွင့်အရေး မရှိပါဘူး။ ဒါကြောင့် သူက ကျွန်တော်တို့နဲ့ အတူတူ ရှိနေနိုင်မှာ မဟုတ်ပါဘူး။ သူ ကြုံနေရတဲ့ အရာတွေကို ဖြေရှင်းနိုင်ဖို့ အနည်းငယ် ခက်နေပါတယ်။ သူ့ရဲ့ တင်ပါးဒဏ်ရာက အသေးစားလေး ဆိုပေမယ့် သူက အခုချိန်မှာ ပွဲတွေကို ဝင်မကစားနိုင်သေးပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

အန်ကွန်ကူရဲ့ ချယ်လ်ဆီးက ဆီမီးဖိုင်နယ် ပထမအကျော့မှာ မစ်ဒယ်ဘရော့ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ထားတာကြောင့် ဗိုလ်လုပွဲဆီ တက်ရောက်ချင်ရင် အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ယှဉ်ပြိုင် ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ မစ်ဒယ်ဘရော့ကို အနည်းဆုံး ၂ဂိုးပြတ် အနိုင်ယူဖို့ လိုအပ်နေပါတယ်။