ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ အန်ခီးတီးယားက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက် ဒုတိယမြောက် အနိုင်ဂိုး ဖြစ်တဲ့ ဆာကာရဲ့ သွင်းဂိုးဟာ အိမ်မက်ဆန်တဲ့ သွင်းဂိုးမျိုးပါလို့ ချီးကျူးသွားခဲ့ပါတယ်။

အန်ခီးတီးယားနဲ့ ဆာကာတို့ရဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် အဖွင့်ပွဲ အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ အာဆင်နယ်နည်းပြ အာတီတာက ကစားသမားသစ်တွေ ဖြစ်တဲ့ ဒီကလန်ရိုက်စ် ၊ ကိုင် ဟားဗက်ဇ်နဲ့ တင်းဘားတို့ သုံးဦးစလုံးကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပါတယ်။

Photo Credit: Goal

အာဆင်နယ်က ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ ဘန်ဝှိုက် ၊ ဆာလီဘာနဲ့ တင်းဘားတို့က တာဝန်ယူ ကစားခဲ့ပြီး ကွင်းလယ်ပိုင်းမှာတော့ ဒီကလန်ရိုက်စ် ၊ ပါတေး ၊ အိုဒီဂတ်နဲ့ ကိုင် ဟားဗက်ဇ်တို့ ရှိနေကာ တိုက်စစ်ပိုင်းကိုတော့ ဆာကာ ၊ မာတီနယ်လီနဲ့ အန်ခီးတီးယားတို့က ဦးဆောင် ကစားခဲ့ပါတယ်။

အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာကြောင့် အာဆင်နယ်က ပွဲစပွဲဆုံး နော်တင်ဟမ် ဖောရက်စ်ဘက်ကို တရစပ် ဖိအားပေး ကစားသွားခဲ့ပြီး အာဆင်နယ် အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၆မိနစ်မှာ အန်ခီးတီးယားနဲ့ ပွဲချိန် ၃၂မိနစ်မှာ ဆာကာတို့က အသီးသီး သွင်းယူပေးခဲ့ကြကာ နော်တင်ဟမ် ဖောရက်စ် အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၈၂မိနစ်မှာ လူစားဝင် တိုက်စစ်မှူး အဝိုနီရီက သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

အာဆင်နယ် ရခဲ့တဲ့ သွင်းဂိုး ၂ဂိုး အနက် ဆာကာရဲ့ ဒုတိယမြောက်သွင်းဂိုးက အတော်လေးကို လှပခဲ့ပြီး ဆာကာက တဖက်အသင်းရဲ့ ဂိုးဧရိယာထိပ်မှာ သူ့ရဲ့ ထုံးစံအတိုင်း ဘယ်ခြေနဲ့ ဂိုးသမားရဲ့ ညာဘက် ဆယ်ပြားစေ့ထောင့်ထဲကို အပြင်း ကန်သွင်းကာ ဂိုးသွင်းခဲ့တာ ဖြစ်ပြီး အန်ခီးတီးယားကတော့ ဆာကာရဲ့ သွင်းဂိုးဟာ အိမ်မက်ဆန်လွန်းတဲ့ သွင်းဂိုးပါလို့ ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

အန်ခီးတီးယားက – “ဆာကာရဲ့ဂိုးက အိမ်မက်ဆန်တဲ့ဂိုးမျိုးပါ။ ကျွန်တော်တို့က ဆာကာဟာ ဒီလိုမျိုး သွင်းဂိုးတွေ သွင်းယူနိုင်တယ် ဆိုတာ သိထားပြီးသားပါ။ ကျွန်တော်တို့အသင်းမှာ ဆာကာလို ကစားသမားမျိုး ပိုင်ဆိုင်ခွင့် ရထားတဲ့ အတွက် ပျော်ရွှင်မိသလို ကျွန်တော်တို့က နိုင်ပွဲ ရခဲ့တဲ့ အတွက် ကျေနပ်မိပါတယ်။ ပြီးတော့ ကျွန်တော်က ဆာကာကို ကူညီပေးနိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။