ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုက သူ့အနေနဲ့ ချယ်လ်ဆီးနည်းပြအဖြစ် ကိုင်တွယ်နေစဉ်အတွင်းမှာပဲ ပြည်တွင်း ပြိုင်ပွဲနှစ်ခုမှာ ဝင်ဘလေကွင်း(ဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်)ဆီ ရောက်ရှိထားခဲ့ရတဲ့အထိ အသင်းက အောင်မြင်ခဲ့ရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီရာသီအစမှ ချယ်လ်ဆီးအသင်းနဲ့ လက်တွဲခဲ့တဲ့ နည်းပြ ပိုချက်တီနိုဟာ ချယ်လ်ဆီးကို ခါရာဘောင် လိဂ်ဖလား ဖိုင်နယ်အထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖိုင်နယ်မှာတော့ လူမစုံတဲ့ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ရင်း ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Eurosport

အခုလည်း အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ချန်ပီယံရှစ်ကလပ် လက်စတာအသင်းကို အနိုင်ယူနိုင်ခဲ့တာကြောင့် ဆီမီးအဆင့်ကို တက်လှမ်းခဲ့ရပြီဖြစ်ပြီး ဝင်ဘာလေကွင်းမှာပဲ အက်ဖ်အေဖလားရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

“ခါရာဘောင်အပြီး အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် ကျွန်တော်တို့ ဝင်ဘလေဆီ ဒုတိယအကြိမ် သွားရပါတော့မယ်။ ကျွန်တော် ဆောက်သမ်တန်နဲ့အတူ အင်္ဂလန်မြေဆီ စရောက်ကတည်းက ဝင်ဘလေဆီ ရောက်အောင်သွားဖို့ လိုအပ်တယ်လို့ ပြောကြတယ်။ တော့တင်ဟမ်ကို ရောက်တော့လည်း ဒီလိုပဲ ကြွေးကြော်ကြသေးတယ်။

 

Photo Credit : beIN SPORTS

“အခုဆို (၉)လအတွင်းမှာ မတူညီတဲ့ ပြိုင်ပွဲ(၂)ခုကနေ ဝင်ဘလေဆီ ရောက်အောင် သွားနိုင်ခဲ့ပါပြီ။ ဒီအတွက် ကျွန်တော်တို့ ပျော်ရွှင်ဖို့နဲ့ ယုံကြည်မှုတွေ ပိုပြီး ရှိကြဖို့ လိုအပ်ပါတယ်။ ကျွန်တော်က အရမ်းအပြုသဘောဆောင်တဲ့သူပါ။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေ အသင်းဝန်ထမ်းတွေနဲ့ ကစားသမားတွေအားလုံးကို အပြည့်အဝ ယုံကြည်ပါတယ်။”

“အသင်းက ကစားသမားတွေက ငယ်ရွယ်တဲ့ ကစားသမားတွေ ဖြစ်ပေမယ့်လည်း သူတို့ အလိုရှိတာတွေ ရရှိလာဖို့အတွက် ကူညီပံ့ပိုးပေးရတာကို ကျွန်တော် တကယ် သဘောကျမိတယ်။ အားလုံးအတူတူ စည်းပေါင်းပြီး အောင်မြင်မှုတွေ ရယူသွားနိုင်မှာလည်း သေချာပါတယ်။” လို့ ပိုချက်တီနိုက ပြောကြားသွားခဲ့ပါတယ်။