ချယ်လ်ဆီးအသင်းရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား နီကိုးလပ်စ် ဂျက်ဆင်ဟာ တံကောက်ကြောဒဏ်ရာ ပြဿနာကြောင့် လာမယ့် ဧပြီလလောက်အထိ အနားယူသွားရတော့မှာဖြစ်လို့ ဒါက အန်ဇို မာရက်စ်ကာရဲ့ ချယ်လ်ဆီးအသင်းအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာဖွယ် ရှိနေရပါတယ်။

အသက်(၂၃)နှစ်အရွယ် တိုက်စစ်မှူး ဂျက်ဆင်ဟာ ဘရိုက်တန်နဲ့ FA Cup ပွဲစဉ်ကို တစ်ပွဲလုံး လွဲချော်ခဲ့ပြီးနောက် မနေ့ကပဲ ဒဏ်ရာကို စစ်ဆေးကြည့်ခဲ့ရာမှာ ဂျက်ဆင်ရဲ့ ခြေချင်းဝတ်ကြောမှာ ထိခိုက်မှု ရှိနေကြောင်း တွေ့ရှိခဲ့ရပြီး ဒီဒဏ်ရာကြောင့် ဂျက်ဆင်က မတ်လ နိုင်ငံတကာရက်သတ္တပတ်အပြီးမှပဲ ပြန်လာနိုင်ဖွယ် ရှိနေကြောင်း The Telegraph ကနေ ဖော်ပြလာပါတယ်။

Photo Credit : talkSPORT

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ မာ့ခ် ဂီယူလည်း ဒဏ်ရာရရှိနေပြီး အခု ဂျက်ဆင်ပါ ဒဏ်ရာရသွားခဲ့တာကြောင့် မာရက်စ်ကာအတွက် ခေါင်းခဲရနိုင်သလို ဆောင်းဈေးကွက်တုန်းကလည်း ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်ကို အေစီမီလန်အသင်းဆီ ရာသီကုန်အထိ အငှားချလိုက်တာက မှားယွင်းသွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဗီလာရီးယဲလ်ကနေ ချယ်လ်ဆီးအသင်းဆီ ရောက်လာခဲ့တဲ့ နီကိုးလပ်စ် ဂျက်ဆင်ဟာ သူရဲ့ ချယ်လ်ဆီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ ပရီးမီးယားလိဂ်သွင်းဂိုး (၁၄)ဂိုးထိ သွင်းယူနိုင်ခဲ့ပေမယ့် ကြီးမားတဲ့ အခွင့်အရေး လွဲချော်မှုများကြောင့် ဘောလုံးပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

Photo Credit : The Chelsea Chronicle

ဒီရာသီထဲမှာလည်း ဂျက်ဆင်က (၉)ဂိုး သွင်းယူထားသည့်တိုင် အခွင့်အရေး လွဲချော်မှုနဲ့ အခွင့်အရေး အသုံးမချနိုင်မှုတွေ ရှိနေသေးတာကြောင့် ဝေဖန်မှုတွေ ဆက်ခံနေရသေးပြီး နည်းပြမာရက်စ်ကတော့ ဂျက်ဆင်ဟာ ဂိုးတွေ မသွင်းယူနိုင်ရင်တောင်မှ အသင်းတိုက်စစ်အတွက် အထောက်အကူပြုအောင် ကစားပေးနိုင်သူလို့ ပြောဆိုထားခဲ့ပါတယ်။

အခုတော့ ဂျက်ဆင်ပါ ဒဏ်ရာရသွားတာက ချယ်လ်ဆီးတိုက်စစ်အတွက် နစ်နာမှု ရှိလာနိုင်ပြီး ဂျက်ဆင်ကလည်း မနက်ဖြန်ညမှာ ကစားရမယ့် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြင် အက်စတွန် ဗီလာ၊ ဆောက်သမ်တန်၊ လက်စတာနဲ့ အာဆင်နယ်အသင်းတို့နဲ့ ပွဲစဉ်တွေအထိ တောက်လျှောက် လွဲချော်သွားရနိုင်ဖွယ် ရှိနေရပါတယ်။