ဘီလ်ဘာအိုအသင်းရဲ့ စပိန်တောင်ပံတိုက်စစ်ကစားသမား နီကို ဝီလီယံစ်ဟာ ဒီနွေဈေးကွက်အတွင်းမှာပဲ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်ခဲ့သလို သူကိုယ်တိုင်ကလည်း ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကိုပါ လက်ခံထားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဝီလီယံစ်က ဘီလ်ဘာအိုမှာ ဆက်နေဖို့သာ အံ့အားသင့်ဖွယ် ဆုံးဖြတ်လိုက်ပါတယ်။

အသက်(၂၂)နှစ်သာ ရှိသေးတဲ့ စပိန်လက်ရွေးစင် ဘယ်တောင်ပံကစားသမား နီကို ဝီလီယံစ်ဟာ ဒီနွေမှာ ဘာစီလိုနာ အပါအဝင် အာဆင်နယ် ချယ်လ်ဆီး ဘိုင်ယန်မြူးနစ်တို့လို ထိပ်သီးကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေသူ ဖြစ်တဲ့အပြင် သူရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာလည်း ယူရိုသန်း(၆၀)ထိ ရှိနေပါတယ်။

Photo Credit : Sports Mole

ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် စပိန်အသင်းဖော်တွေ အမြောက်အများ ရှိနေတဲ့ ဘာစီလိုနာအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတဲ့ နီကို ဝီလီယံစ်က ဘီလ်ဘာအိုဘက်ကနေ ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ငြင်းဆန်ထားသလို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့အထိပါ တောင်းဆိုခဲ့သေးတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဘာစီလိုနာကလည်း တောင်ပံတိုက်စစ်နေရာအတွက် နီကို ဝီလီယံစ်အပြင် လူးဝစ် ဒီယက်ဇ် ၊ မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ ကင်စလေ ကိုးမန်းတို့ကိုပါ ချိန်ရွယ်ထားတာ ဖြစ်ပေမယ့်လည်း ဝီလီယံစ်ကိုတော့ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ကစားသမားနဲ့ သဘောတူညီမှုရဖို့ လွယ်သလောက် အသင်းနှစ်သင်းကြား သဘောတူညီမှု ရဖို့ကတော့ အတော်လေး ခက်ခဲနေရပါတယ်။

Photo Credit : Sempre Barca

ဒီလို အချိန်မှာ နီကို ဝီလီယံစ်ဟာ သူရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းတွေကို လုံးဝ တစ်ခန်းရပ်သွားစေခဲ့ပြီး လက်ရှိကလပ် ဘီလ်ဘာအိုအသင်းနဲ့ပဲ ၂၀၃၅ခုနှစ်အထိတောင် သက်တမ်းရှိတဲ့ (၈)နှစ် နှစ်ရှည်စာချုပ်ကြီးတစ်ရပ်ကို တရားဝင် တိုးမြှင့်ချုပ်ဆိုလိုက်ပါတယ်။

ဒီအခြေအနေမှာ ဘာစီလိုနာအနေနဲ့ ဝီလီယံစ်အစား တခြားသော တောင်ပံတိုက်စစ်တွေကိုသာ ပြောင်းလဲ ကြိုးပမ်းသွားရတော့မှာပဲ ဖြစ်ပါတယ်။ သူတို့ အလိုရှိနေတဲ့ ဒီယက်ဇ်ကိုလည်း လီဗာပူးလ်ဘက်က ရောင်းထုတ်မှာ မဟုတ်ဘူးလို့ အတိအလင်း တုံ့ပြန်ထားတာဖြစ်လို့ အသင်းဆီကို ပြောင်းရွှေ့ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကိုသာ ကြိုးပမ်းလာနိုင်ပါတယ်။