ဥရောပ အသင်းကြီးများရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ ဘီလ်အာအို ကြယ်ပွင့် တောင်ပံကစားသမား နီကို ဝီလီယံစ်က သူ့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်တဲ့အတွက် ကလေးတိုင်းပ အိုးလ်ထရက်ဖို့ဒ်မှာ ကစားချင်ကြတယ်လို့ ပြောကြားလိုက်ပါတယ်။ သူဟာ အာဆင်နယ် အသင်းနဲ့လည်း အပြောင်းအရွှေ့ သတင်းတွေ ဆက်လက် ထွက်ပေါ်နေသူ ဖြစ်ပါတယ်။
ဘီလ်ဘာအိုအသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့ကို ဘီလ်ဘာအိုရဲ့ အိမ်ကွင်း ဆန် မာမက်စ် ကွင်းမှာ ကစားရမှာဖြစ်ကာ အဆုံးအဖြတ် ဒုတိယအကျော့ကိုတော့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားရပါမယ်။ လက်ရှိမှာ ဝီလီယံစ်ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းကြီးနေသူဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ သူ့ကို ခေါ်ယူနိုင်မယ့် အလားအလာကို လက်လျှော့လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Photo Credit : Yardbarker
ဝီလီယံစ်ဟာ ဥရောပမှာ လူကြိုက်အများဆုံး တောင်ပံကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့လည်း သတင်းထွက်နေသူပါ။ ဒီရာသီ ယူရိုပါလိဂ် ပြိုင်ပွဲတစ်ခုတည်းမှာပဲ သူဟာ ဘီလ်ဘာအိုအတွက် (၅)ဂိုးအထိတောင် သွင်းယူထားပြီး ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
ဝီလီယံစ်က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ “ကလေးတိုင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစားချင်ကြပါတယ်။ ဆန် မာမက်စ်မှာ ကစားမယ့် ပထမအကျော့မှာ ကျွန်တော်တို့ အကောင်းဆုံး ခြေစွမ်းပြသနိုင်အောင် ကြိုးစားပြီး အိုးလ်ထရက်ဖို့ဒ်ကို စိတ်ပိုင်းဖြတ်မှု အပြည့်နဲ့ သွားရောက်ကာ အက်သလက်တစ် ဘီလ်ဘာအိုအသင်း ဆိုတာ ဘာလဲဆိုတာကို ပြသသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : FC Barcelona Noticias
“ဒီပွဲစဉ်မှာ ဘယ်သူက အသာရယ်လို့ ရေပန်းစားတဲ့ အသင်းရယ်လို့ မရှိပါဘူး။ မန်ချက်စတာ ယူနိုက်တက်က လိဂ်ရဲ့ အောက်ခြေနားမှာ ရောက်နေပေမယ့် သူတို့ ဘာတွေ လုပ်နိုင်စွမ်းရှိလဲ ဆိုတာကို လိုင်ယွန်နဲ့ပွဲမှာ သူတို့ ပွဲကို ကိုင်တွယ်သွားပုံအရ ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးပါပြီ။” လို့ ဝီလီယံစ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။
နီကို ဝီလီယံစ်နဲ့ ဘီလ်ဘာအိုအသင်းတို့ကြားက လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ်အထိ ရှိနေပေမယ့် သူဟာ လာမယ့်နွေရာသီ မတိုင်မီမှာ အဲ့ဒီစာချုပ်ကို သက်တမ်းတိုးသွားမလား ဒါမှမဟုတ် အသင်းပြောင်းရွှေ့သွားမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။