စပိန်တောင်ပံကစားသမား နီကို ဝီလီယံစ်ဟာ ဘီလ်ဘာအိုမြို့ရှိ သူ့ရဲ့ နံရံပန်းချီဂုဏ်ပြုမှု ဖျက်ဆီးခံရပြီးနောက်မှာ အလွန်အမင်း စိတ်ထိခိုက်ခဲ့ပြီး အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ အက်သလက်တစ် ဘီလ်ဘာအိုအသင်းကို အသိပေးလိုက်ပြီ ဖြစ်ပါတယ်။ နည်းပြဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာအသင်းဟာ သူ့အတွက် အသင့်တော်ဆုံးနေရာဖြစ်တယ်လို့လည်း နီကို ဝီလီယံစ်က ယုံကြည်နေပါတယ်။

စပိန်သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဝီလီယံစ်ဟာ ဘီလ်ဘာအိုအသင်းက ကမ်းလှမ်းထားတဲ့ လစာငွေများပြားတဲ့ စာချုပ်သစ်ကို လက်ခံဖို့ ဆန္ဒမရှိတော့ဘဲ အသင်းကနေ အပြီးသတ်ထွက်ခွာဖို့ ဆုံးဖြတ်ထားတာပါ။ အထူးသဖြင့် သူ့ရဲ့နံရံပန်းချီ ဖျက်ဆီးခံရတဲ့ဖြစ်ရပ်နောက်ပိုင်းမှာ သူဟာ အသင်းမှာဆက်နေဖို့ စိတ်မရှိတော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit : Goal

သူ့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိနေသေးပေမယ့် ဝီလီယံစ်ကတော့ အသင်းပြောင်းဖို့ စိတ်ပိုင်းဖြတ်ထားပြီ ဖြစ်ပါတယ်။ သူ့ကို ဘာစီလိုနာအသင်းအပြင် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကပါ ဘာစီလိုနာထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှုနဲ့ ချဉ်းကပ်ခဲ့ပေမယ့် ဝီလီယံစ်က ဘာစီလိုနာကိုသာ ရွေးချယ်ခဲ့တာပါ။

အကြောင်းကတော့ ဘာစီလိုနာမှာ စပိန်လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ လာမင်း ယာမယ်လ်၊ ဖာရန် တောရက်စ်၊ ပက်ဒရီ၊ အလက်ဟန်ဒရို ဘယ်လ်ဒီ တို့လို ရင်းနှီးတဲ့သူငယ်ချင်းတွေ ရှိနေတာကြောင့်ဖြစ်ပြီး နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ ကစားကွက်နဲ့ သူဟာ အံဝင်ခွင်ကျဖြစ်မယ်လို့ ယုံကြည်နေတာကြောင့် ဖြစ်ပါတယ်။

Photo Credit : Goal

ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ဝီလီယံစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘီလ်ဘာအိုအတွက် ၁၁ ဂိုးသွင်းပြီး ၇ ဂိုး ဖန်တီးပေးထားသူပါ။ ဒါပေမဲ့ ဘာစီလိုနာအသင်းက သူ့ကိုခေါ်ယူဖို့အတွက် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိနေပါတယ်။

သူ့ကို အသင်းလူစာရင်းမှာ ထည့်သွင်းနိုင်ဖို့အတွက် လက်ရှိကစားသမားတစ်ဦးကို ရောင်းထုတ်ပြီး ငွေကြေးရှင်းလင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။ အခုအခါမှာတော့ ဝီလီယံစ်ဟာ ဘာစီလိုနာအသင်း သူ့ရဲ့ပြောင်းရွှေ့ကြေးကို ဘယ်လို ဘဏ္ဍာရေးဆိုင်ရာနည်းလမ်းနဲ့ ဖြေရှင်းပေးမလဲဆိုတာကိုသာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။