မန်ချက်စတာ စီးတီးအသင်းက ပေါင်သန်း(၅၀)နဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား နီကို ဂွန်ဇာလက်ဇ်ဟာ အီတီဟတ်ကွင်းကို ရောက်ရှိပြီး (၆)လအကြာမှာပဲ အသင်းကနေ ထွက်ခွာဖို့ လမ်းရှာနေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ စပိန်ကွင်းလယ်ကစားသမား နီကိုဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဆောင်းရာသီအပြောင်းအရွှေ့မှာ ပေါ်တူဂီကလပ် ပေါ်တိုကနေ မန်စီးတီးအသင်းကို ငွေကြေးအမြောက်အမြားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : The Mirror
နည်းပြ ပက်ပ် ဂွါဒီယိုလာဟာ ဘာလွန်းဒေါဆုရှင် ကွင်းလယ်လူ ရိုဒရီ ဒူးအရွတ်ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူပြီး ရာသီရဲ့ အချိန်တော်တော်များများ နားနေရချိန်မှာ သူ့နေရာကို အစားထိုးဖို့အတွက် နီကို့ကို ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ နီကိုဟာ ပရီးမီးယားလိဂ်မှာ (၁၁)ပွဲသာ ကစားခွင့်ရခဲ့ပြီး အများစုကို အရန်ခုံမှာသာ ကုန်ဆုံးခဲ့ရပါတယ်။ မကြာသေးမီက ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၆၁)မိနစ်သာ ကစားခွင့်ရခဲ့တာကြောင့် အသင်းရဲ့ အဓိက ကစားသမားစာရင်းကနေ လုံးဝ ချန်လှပ်ခံထားရတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။
အဓိကပြဿနာကတော့ ရိုဒရီဟာ အခုအခါမှာ ဒဏ်ရာကနေ အပြည့်အဝ ပြန်လည်သက်သာလာပြီဖြစ်သလို မန်စီးတီးအသင်းကလည်း နယ်သာလန်ကွင်းလယ်ကြယ်ပွင့် တီဂျာနီ ရိုင်းဒါစ်ကိုပါ အေစီမီလန်အသင်းကနေ ထပ်မံခေါ်ယူအားဖြည့်ထားတာကြောင့် ကွင်းလယ်နေရာအတွက် ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်လာခဲ့ပါတယ်။
Photo Credit : Offaly Independent
ဒီအခြေအနေတွေကြောင့် အသက်(၂၃)နှစ်အရွယ် ကစားသမား နီကိုရဲ့ အနာဂတ်ဟာ မန်စီးတီးအသင်းမှာ မရေမရာဖြစ်လာခဲ့တယ်လို့ Manchester City News က ဖော်ပြခဲ့ပါတယ်။
သတင်းတွေအရ နီကိုရဲ့ ကြားခံအေးဂျင့်တွေဟာ ဥရောပနဲ့ ဆော်ဒီအာရေဗျက ကလပ်အသင်းအများအပြားကို ဆက်သွယ်ပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိ မရှိ စတင်စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ နီကိုဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးပေမယ့် ပွဲကစားခွင့်အတွက် အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်ဖွယ် ရှိနေပါတယ်။