နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူထားခြင်း မရှိသေးပဲ အက်စတွန်ဗီလာကနေ အငှားနဲ့ ခေါ်ယူထားတဲ့ မတ်တားဂတ်ကိုသာ အပြီးသတ် ခေါ်ယူလိုက်တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ လက်ရှိမှာ အခုနွေရာသီရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဘန်လေအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ဂိုးသမား နစ်ပုဒ်ကို အရခေါ်ယူသွားနိုင်တော့မယ်လို့ သိရှိရပါတယ်။

Nick Pope will undergo a medical at Newcastle on Thursday ahead of a £10m move

Photo Credit : The Sun

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဂိုးသမားတစ်ဦးကို အပူတပြင်း ရှာဖွေလို့နေတဲ့ နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို အဓိက ပစ်မှတ်ထားနေပေမယ့် ဒီဂိုးသမားက တန်းတတ် နော်တင်ဟမ်ဖောရက်စ်အသင်းဆီသာ ပြောင်းရွှေ့ဖွယ် ရှိနေတဲ့အတွက် နောက်ထပ် အင်္ဂလန်ဂိုးသမားဖြစ်သူ နစ်ပုဒ်ကို ပြောင်းလဲချဉ်းကပ်ရာမှာတော့ ပြောင်းရွှေ့ကြေး ပေါင်(၁၀)သန်းနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိသွားခဲ့ရတာ ဖြစ်ပါတယ်။ ပရီးမီယားလိဂ်ကနေ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရတဲ့ ဘန်လေဟာလည်း သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ နစ်ပုဒ်ကို အသင်းမှာ ဆက်မထိန်းထားနိုင်တော့ပဲ ပေါင်(၁၀)သန်းတည်းနဲ့ နယူးကာဆယ်အသင်းဆီ လက်လွတ်လိုက်ရပါတယ်။

Newcastle transfer news: Nick Pope a target with Magpies confident of  ironing out weakness

Photo Credit : TEAMtalk

အသက်(၃၀)အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ဂိုးသမား နစ်ပုဒ်ဟာ ၂၀၁၆ခုနှစ်ကတည်းက ဘန်လေအသင်းမှာ စတင်ကစားလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ဘန်လေရဲ့ အဓိကဂိုးသမား တွမ်ဟီတန် ဒဏ်ရာရသွားခဲ့ချိန် အသင်းအတွက် စတင်ပါဝင်ခွင့် ရရှိလာခဲ့ရင်း သူရဲ့ လက်စွမ်းတွေကို စတင်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီ (၆)ရာသီအထိ ဖြတ်သန်းထားနိုင်ခဲ့တဲ့ နစ်ပုဒ်ဟာ အသင်းနဲ့အတူ ချန်ပီယံရှစ်ကို လိုက်ပါသွားခဲ့မယ်ဆိုရင် လာမယ့် နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အင်္ဂလန်အသင်းနဲ့အတူ ဝင်ရောက်ဆင်နွဲနိုင်ဖို့ ခက်ခဲလာနိုင်တဲ့အတွက် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ လိုအပ်နေတာကြောင့် နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နစ်ပုဒ်ဟာ ဘန်လေအသင်းနဲ့လည်း စာချုပ် တစ်နှစ်သက်တမ်းသာ ကျန်ရှိနေတော့တဲ့အတွက် ဘန်လေက သူတို့ကစားသမားကို cut-price တန်ကြေး ပေါင်(၁၀)သန်းတည်းနဲ့ လက်လွတ်လိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ နစ်ပုဒ်ဟာ ဒီကနေ့မှာပဲ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် ဆေးစစ်မှုတွေ ခံယူသွားတော့မယ်လို့ သိရပါတယ်။