ပြင်သစ် လီဂူးဝမ်းကလပ် နိုက်စ်က အာဆင်နယ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အိုင်ဗရီကို့စ် တောင်ပံတိုက်စစ် ကစားသမား နီကိုလပ်စ် ပေပေကို တရာသီအငှားနဲ့ ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား နီကိုလပ်စ် ပေပေဟာ တချိန်က ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် လိုင်လီကနေ အာဆင်နယ်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူပါ။

 

Photo Credit: Team Talk

နီကိုလပ်စ် ပေပေဟာ ၂၀၁၉ခုနှစ်မှာ လိုင်လီကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့ကာ အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့သလို အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာမယ်လို့ မျှော်လင့်ခံခဲ့ရပါတယ်။

နီကိုလပ်စ် ပေပေဟာ ခြေစွမ်းခြေစ ရှိသလို သူ့ရဲ့ တားဆီးဖို့ ခက်ခဲတဲ့ ဘယ်ခြေတချောင်းကြောင့် ပြိုင်ဘက်တွေကို အိမ်မက်ဆိုးတွေ ပေးစွမ်းနိုင်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ရိုးစင်းလှတဲ့ ကစားပုံကြောင့် ပြိုင်ဘက်တွေက သူ့ရဲ့ ကစားပုံကို ရိပ်မိလာတဲ့ အချိန်မှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်လာရပါတယ်။

ဒါကြောင့်ပဲ နောက်ပိုင်းမှာ နီကိုလပ်စ် ပေပေဟာ အာဆင်နယ်ရဲ့ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမား တဦး အဖြစ်ကနေ အရန် ကစားသမား အဖြစ်ကို လျှောကျသွားခဲ့ရသလို ယခုနှစ် ဘောလုံးရာသီမှာလည်း အသင်းအတွက် တပွဲမှ ပါဝင် ကစားရခြင်း မရှိသေးပါဘူး။

Photo Credit: Team Talk

အာဆင်နယ်ကတော့ သူတို့အသင်းရဲ့ သမိုင်းတလျှောက် အဆိုးဝါးဆုံး ခေါ်ယူမှု အဖြစ် မှတ်တမ်းဝင်ထားတဲ့ ပေပေကို ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းကနေ ရှင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာတော့ နိုက်စ်က ပေပေကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ရော ၊ အာဆင်နယ်နဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နိုက်စ်က အာဆင်နယ်ဆီ ကနေ ပေပေကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ပေပေကလည်း သူ့ရဲ့ ကစားသမား ဘဝ အတွက် နိုက်စ်ဆီ အငှားနဲ့ သွားရောက် ကစားချင်နေတာကြောင့် မကြာခင်မှာပဲ ပေပေရဲ့ အပြောင်းအရွှေ့ဟာ ပြီးပြတ်ဖွယ် ရှိနေကြောင်း သိရှိရပါတယ်။