လီဗာပူးလ်အသင်းရဲ့ အလားအလာအကောင်းဆုံး လူငယ်ကြယ်ပွင့်လေး ရီယို အန်ဂူမိုဟာဟာ ကလပ်အသင်းနဲ့အတူ သူ့ရဲ့အနာဂတ်ကို ၂၀၂၈ ခုနှစ်အထိ အပ်နှံလိုက်ပြီဖြစ်ပါတယ်။ အသက် (၁၇)နှစ်အရွယ် ကစားသမားလေးဟာ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်လစာ ပေါင် (၅၂၀၀၀)ရရှိမှာဖြစ်ကာ ဒါဟာ လီဗာပူးလ်ရဲ့ ပထမနှစ် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးအတွက် အမြင့်ဆုံးလစာလည်း ဖြစ်ပါတယ်။

ဒီလစာဟာ သူအရင်က ရရှိခဲ့တဲ့ ပညာသင်လစာ တစ်နှစ် ပေါင် (၁၄၄၀၀)ထက် အဆပေါင်းများစွာ တိုးမြင့်လာခဲ့တာဖြစ်ပေမယ့် အသင်းရဲ့စီနီယာကစားသမားတွေရဲ့ လစာနဲ့ နှိုင်းယှဉ်ရင်တော့ အလွန်နည်းပါးနေဆဲဖြစ်ပါတယ်။ အန်ဂူမိုဟာဟာ ပြီးခဲ့တဲ့လကမှ အသက် (၁၇)နှစ်ပြည့်ခဲ့တာဖြစ်ပြီး FA ရဲ့ စည်းမျဉ်းအရ အသင်းက သူ့ကို (၃)နှစ်သက်တမ်းရှိတဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုခွင့်ပေးခဲ့တာဖြစ်ပါတယ်။

Photo Credit : Liverpool FC

သူဟာ စီနီယာအသင်းမှာ အံ့မခန်း ခြေစွမ်းပြသနိုင်ခဲ့ပြီး နည်းပြအာနေး စလော့ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိထားသူဖြစ်ပါတယ်။ ယူ-၁၈ နဲ့ ယူ-၂၁ အသင်းတွေကနေ လျင်မြန်စွာ ထိုးထွက်လာခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက အက်ခရင်တန် စတန်လေနဲ့ပွဲမှာ အသင်းကြီးအတွက် ပွဲဦးထွက်ကစားခွင့် ရရှိခဲ့ပါတယ်။

ဩဂုတ်လက နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက်မှာတော့ သူဟာ လီဗာပူးလ်အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အက်သလက်တီကို မက်ဒရစ်နဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲမှာ ပါဝင်ကစားတဲ့ အသက်အငယ်ဆုံးကစားသမား အဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

Photo Credit : Tribuna

သူဟာ ဘယ်တောင်ပံမှာ ကိုဒီ ဂတ်ပိုအတွက် အားကိုးရတဲ့ အရန်ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး သူ့ရဲ့အရည်အချင်းကြောင့်ပဲ လီဗာပူးလ်ဟာ လူးဝစ် ဒီယက်ဇ် ဘိုင်ယန်မြူးနစ်ကို ထွက်ခွာသွားချိန်မှာ အစားထိုးကစားသမားတစ်ဦး ထပ်မံရှာဖွေခဲ့ခြင်း မရှိတော့ပါဘူး။ အန်ဂူမိုဟာဟာ ပြီးခဲ့တဲ့နှစ်က ချယ်လ်ဆီးအသင်းကနေ လီဗာပူးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီအပြောင်းအရွှေ့ဟာ ကလပ်နှစ်သင်းကြားမှာ ပြင်းထန်တဲ့ လျော်ကြေးတိုက်ပွဲတစ်ခုကို ဖြစ်ပွားစေခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်က တာဝန်ရှိသူတွေက သူတို့အသင်းဟာ မျိုးဆက်တစ်ခုမှာ တစ်ယောက်ပေါ်ထွက်လာတဲ့ အရည်အချင်းကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ခံစားခဲ့ရပြီး ကစားသမားလေးအတွက် လျော်ကြေးငွေ သတ်မှတ်ပေးဖို့ ပရီးမီးယားလိဂ်ခုံရုံးကို တိုင်ကြားခဲ့ပါတယ်။ အခုအချိန်ထိ ဆုံးဖြတ်ချက် မထွက်ပေါ်သေးပေမယ့် အန်ဂူမိုဟာရဲ့ လက်ရှိအောင်မြင်မှုတွေကြောင့် ချယ်လ်ဆီးဘက်က သိသာတဲ့ လျော်ကြေးငွေပမာဏတစ်ခုကို တောင်းဆိုနိုင်မှာဖြစ်ပါတယ်။