ဆော်ဒီနာမည်ကြီးကလပ် အယ် ဟီလယ်ရဲ့ အဓိက တိုက်စစ်မှူး နေမာက သူ ရရှိထားတဲ့ ဒူးအတွင်းရွတ် ပြတ်တောက်ဒဏ်ရာကြောင့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် ဝင်ရောက် ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် အသင်းခေါင်းဆောင် တိုက်စစ်မှူး နေမာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီ ကနေ အယ် ဟီလယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၉၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက အယ် ဟီလယ်နဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: CNN

နေမာက အယ် ဟီလယ်ဆီ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် သူက အသင်းအတွက် ၅ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပြီး နေမာဟာ အောက်တိုဘာလ ၁၈ရက်နေ့မှာ ကစားခဲ့တဲ့ ဥရုဂွေး ၂-၀ ဘရာဇီးလ် ပွဲစဉ်မှာ ဒူးအတွင်းရွတ် ပြတ်တောက်ဒဏ်ရာကို ရရှိခဲ့တာကြောင့် ရာသီကုန် အထိ အနားယူနေရပါတယ်။

ပုံမှန်အားဖြင့် ကစားသမား တဦးဟာ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာကြောင့် ၆လ ကနေ ၁နှစ် အတွင်း အနားယူရလေ့ ရှိတာကြောင့် ဘရာဇီးလ်ပရိသတ်တွေက နေမာကသာ ဒဏ်ရာကနေ လျင်လျင်မြန်မြန် ပြန်ကောင်းလာရင် လာမယ့် ၂၀၂၄ခုနှစ် ဇွန်လမှာ ကျင်းပမယ့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးလ် အတွက် ပါဝင် ကစားပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Photo Credit: ESPN

ဒါပေမယ့် ဘရာဇီးလ်အသင်းရဲ့ ဆရာဝန် တဦး ဖြစ်သူ လက်စ်မာကတော့ နေမာရဲ့ ဒဏ်ရာကို ခပ်မြန်မြန် ပျောက်ကင်းအောင် ကုသလို့ ရတဲ့ နည်းလမ်းမျိုး မရှိတာကြောင့် နေမာဟာ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို ဝင်ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

လက်စ်မာက – “နေမာရဲ့ ဒဏ်ရာကို ခပ်မြန်မြန် ပျောက်ကင်း သက်သာအောင် ကုသလို့ ရမယ့် နည်းလမ်းမျိုး မရှိပါဘူး။ ကျွန်တော်တို့ကတော့ နေမာဟာ ဥရောပ ဘောလုံးပြိုင်ပွဲတွေ ပြန်စမယ့် ၂၀၂၄ခုနှစ် ၊ ဩဂုတ်လလောက်မှပဲ ဒဏ်ရာကနေ ပြန်ကောင်းလာမယ်လို့ မျှော်မှန်းထားကြပါတယ်” လို့ ပြောကာ နေမာ တယောက် ကိုပါအမေရိကပြိုင်ပွဲကို လွဲချော်ပြီ ဖြစ်ကြောင်း အတည်ပြုသွားခဲ့တာပါ။